ဇမ္ဗူသီရိ မတ် ၂၁
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စာသုံးသူရေးရာဦးစီးဌာနမှ ပြုစုရေးဆွဲထားသည့် ဆန်စပါးဥပဒေ(မူကြမ်း)နှင့်စပ်လျဉ်း၍ အများပြည်သူထံသဘောထားရယူ ဆွေးနွေးသည့် အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် (၉) နာရီက ဇမ္ဗူသီရိမြို့နယ်၊ သပြေကုန်းရပ်ကွက်၊ ရွှေနန်းတော်ခန်းမ၌ ကျင်းပရာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း၊ စားသုံးသူရေးရာဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဦးမြင့်ချို၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှတာဝန်ရှိသူများ၊ ဆန်စက်လုပ်ငန်းရှင်များ အသင်းနှင့် ဆန်ကုန်သည်များအသင်းတို့မှ တာဝန်ရှိသူများနှင့် စိုက်ပျိုးထုတ်လုပ်သူ တောင်သူ လယ်သမားများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းက အဖွင့်အမှာစကားပြောကြားရာတွင် ဆန်စပါးပျိုးထုတ်လုပ်မှု လုပ်ငန်းစဉ်တလျှောက် ပါဝင်ပတ်သက်သူများအားလုံးနဲ့ သက်ဆိုင်သည့် ဆန်စပါးဥပဒေ(မူကြမ်း) ရှင်းလင်းဆွေးနွေးပွဲကို နေပြည်တော်ကောင်စီကိုယ်စား ပြောကြား ခွင့်ရတဲ့အတွက် များစွာ ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊ ဆန်စပါးနယ်ပယ်တွင် စိုက်ပျိုး ထုတ်လုပ် သူတောင်သူများသာမက စပါးဝယ်ယူသူပွဲစားများ၊ စက်ပိုင်များ၊ ကုန်သည်များနှင့် ပြည်ပတင်ပို့သည့် လုပ်ငန်းရှင်များအထိ အလွှာမျိုးစုံပါဝင်နေသဖြင့် ထုတ်လုပ်မှုကွင်းဆက် တစ်လျှောက်လုံး ဖွံ့ဖြိုးတိုးတက်မှသာ ဆန်စပါး ကဏ္ဍတိုးတက်ပြီး နိုင်ငံ့စီးပွားမြှင့်တင်မှုကို အထောက်အကူပြုနိုင်မှာ ဖြစ်ပါကြောင်း၊ ယနေ့ကျင်းပပြုလုပ်သည့် ဆန်စပါးဥပဒေ(မူကြမ်း) ရှင်းလင်းဆွေးနွေးပွဲကို တက်ရောက် လာကြတဲ့ အသင်းအဖွဲ့များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများအနေဖြင့် လက်တွေ့မှာ အမှန်တကယ် အသုံးပြုနိုင်သည့် ဥပဒေကောင်းတစ်ရပ်ဖြစ်ဖို့အတွက် အားလုံးက ကျယ်ကျယ်ပြန့်ပြန့် ဝိုင်းဝန်းဆွေးနွေး အကြံပြုပေးစေလိုပါကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ချိုက ဆန်စပါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆန်စက်မှတ်ပုံတင်ခြင်းမှအစ ဝယ်ယူခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ သိုလှောင်ခြင်း၊ ကြိတ်ခွဲထုတ်လုပ်ခြင်း၊ ပြည်တွင်းဖြန့်ဖြူးခြင်း၊ ပြည်ပတင်ပို့ခြင်းလုပ်ငန်းစဉ်များနဲ့ လိုအပ်တဲ့ အခြေခံအဆောက်အဦများကိုလည်း နိုင်ငံတော်အစီအစဉ်ဖြင့် ယခင်က မြန်မာ့လယ်ယာ ထွက်ကုန် ပစ္စည်းရောင်းဝယ်ရေးက တာဝန်ယူဆောင်ရွက်ခဲ့ပါကြောင်း၊ ၂၀၀၃ ခုနှစ်မှစတင်၍ ဆန်စပါးမူ ဝါဒသစ်အရ ပုဂ္ဂလိက အဖွဲ့အစည်းများသို့ လုပ်ပိုင်ခွင့်လွှဲပြောင်းပေးအပ်ပြီးကာလ နောက်ပိုင်းမှစ၍ ယခင်ရှိပြီးသား ဆန်စက်၊ သိုလှောင်ရုံများကို ပုဂ္ဂလိကအဖွဲ့အစည်းများသို့ လွှဲပြောင်းပေးခဲ့ပြီး Regulatory Role အရ လက်ရှိ စားသုံးသူရေးရာဦးစီးဌာနက လိုအပ်သလို ထိန်းကျောင်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ဝန်ကြီးဌာန၏ တာဝန်ပေးအပ်ချက်အရ စားသုံးသူရေးရာဦးစီးဌာနအနေနဲ့ အခန်းအားဖြင့် ၁၀ ခန်း၊ အဆိုပြုပြဌာန်းချက်ပုဒ် ၅၁ ခုပါဝင်တဲ့ ဆန်စပါး ဥပဒေ (မူကြမ်း)ကို ရေးဆွဲပြုစုထားရှိပြီး ဖြစ်ပါကြောင်း၊ ဒီဥပဒေမူကြမ်းဟာ အနှစ်သာရအားဖြင့် နိုင်ငံတော်နှင့် နိုင်ငံသားတို့ရဲ့အကျိုးစီးပွား တစ်ရပ်လုံးကို မြှင့်တင်ဆောင်ရွက်နိုင်ဖို့အတွက် အခြေခံကျတဲ့ ဥပဒေတစ်ရပ်ဖြစ်ပါကြောင်း၊ ဒီဥပဒေကို ပြဌာန်းပြီးလို့ ဥပဒေကို အကောင်အထည်ဖော်ဆောင်ရွက်တဲ့ နေရာမှာ နိုင်ငံတော်တစ်ခုတည်းက ဆောင်ရွက် ရမှာမဟုတ်ဘဲ ဆန်စပါးကဏ္ဍနှင့်ဆက်စပ်သည့် အကျုံးဝင်သူများ အားလုံးဘက်ကလည်း ဖော်ဆောင် ပေးဖို့လိုပါကြောင်း၊ ဥပဒေ(မူကြမ်း)ပါ ပြဋ္ဌာန်း ချက်တွေရဲ့ အဓိကရည်မှန်းချက်ဖြစ်တဲ့ ပြည်တွင်း၌ စားသုံးမှုဖူလုံစေရေးနှင့် ဆန်စပါးပြည်ပတင်ပို့မှု ဖွံ့ဖြိုးရေးကို အဓိကထားဆောင်ရွက်ရင်း ဆန်စပါး ကဏ္ဍတစ်ရပ်လုံး ဖွံ့ဖြိုးတိုးတက်ရေးကို ဖော်ဆောင်နိုင်မှာဖြစ်ပါကြောင်း၊ ဒါ့အပြင် အစိုးရ၊ ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်တဲ့အခါမှာ နှောင့်နှေး ကြန့်ကြာမှုမရှိစေရေးအတွက် ဒီဥပဒေအောက်ကနေ ပြိုင်တူပူးပေါင်း ဆောင်ရွက်မည်ဆိုလျှင် ဖွံ့ဖြိုးမှု ပန်းတိုင်ကို အချိန်တိုအတွင်း ရောက်ရှိနိုင်မှာ ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
ထို့နောက် စားသုံးသူရေးရာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးထက်ဝင်းအောင်က ဥပဒေ(မူကြမ်း) ပါ အချက်များအား Power Point ဖြင့်ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်လာကြ သူများက သိရှိလိုသည်များကို အကြံပြုမေးမြန်းဆွေးနွေးကြရာ စားသုံးသူရေးရာဦးစီးဌာနမှ ညွှန်ကြား ရေးမှူးချုပ်နှင့် တာဝန်ရှိသူများက ပြန်လည်ဆွေးနွေးဖြေကြားပေးခဲ့ပြီး ဖော်ထုတ်ချက်များ ဆက်လက် ဖော်ထုတ်၍ သက်ဆိုင်ရာများသို့ တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။
ဟိန်းသူအောင်(ပြန်/ဆက်)ဩ