မြို့သစ် မတ် ၂၁
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ် ဂွေးကုန်းကျေးရွာတွင် စပျစ်ပင်များစမ်းသပ်စိုက်ပျိုးရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး အသီးထွက်နှုန်းကောင်းမွန်ကာ ရောင်းချရာတွင်လည်း ဈေးနှုန်းသင့်တင့်စွာရောင်းရသဖြင့် စပျစ်စိုက်တောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
စပျစ်စိုက်ပျိုးမည်ဆိုပါက ဦးစွာကြိုတင်မြေပြုပြင်ထားပြီး စပျစ်အရိုင်းပင်ကို စတင်စိုက်ပျိုးရကြောင်း စပျစ်အရိုင်းပင်သက်တန်း(၆)လဝန်းကျင်အရောက်တွင် အညွှန့်ကိုင်းဖြတ်ပြီး မိမိစိုက်ပျိုးလိုသည့် အယဉ်မျိုးနှင့်ကိုင်းကူးပေးရကြောင်း၊ ကိုင်းကူးပြီး(၆)လဝန်းကျင်အကြာတွင် ရောင်းတန်းဝင်စပျစ်သီးများ စတင်ခူးဆွတ်ရောင်းချရကြောင်း၊ စပျစ်သီးနှံသည်မြို့သစ်မြို့၏ ရာသီဥတု၊ ရေ၊ မြေနှင့်ကိုက်ညီပြီး နှစ်ရှည်သီးနှံဖြစ်ပြီး အောင်မြင်ဖြစ်ထွန်းမည်ဆိုပါက အကျိုးအမြတ်များသောကြောင့် စိုက်ပျိုးရေးတောင်သူများအနေဖြင့် စမ်းသပ်၍ "စပါး၊ပြောင်း၊ နှမ်းနှင့် ဆီထွက်သီးနှံတစ်မျိုးဖြစ်သည့် နေကြာတို့နှင့်အတူစပျစ်သီးနှံတို့ကို တွဲဖက်ကာ တိုးချဲ့စိုက်ပျိုးလာနိုင်ကြောင်း မြိူ့သစ်မြို့နယ် ဂွေးကုန်းကျေးရွာမှ စိုက်ပျိုးရေးတောင်သူတစ်ဦးထံက သိရသည်။
အလားတူမြို့သစ်မြို့၊ တပ်ကုန်းကျေးရွာမှ စပျစ်စိုက်ပျိုးသူဦးလှဌေးက စပျစ်စိုက်ပျိုးခြင်းများနှင့်ပတ်သတ်၍ စပျစ်အပင်(၂၀၀)ခန့် စိုက်ပျိုးထားကြောင်း၊ စတင်စိုက်ပျိုးချိန်မှ အသီးဆွတ်ခူးချိန်အထိ စုစုပေါင်းကုန်ကျငွေ(၂၅)သိန်းခန့် ဝန်းကျင်ကုန်ကျကြောင်း အသီးများခူးဆွတ်ရာတွင် ရက်ပေါင်း(၆၀)ကျော်အထိ ခူးဆွတ်ရကာကုန်ချိန်(၁၅၀၀)ပိဿာခန့်ရရှိကြောင်း ရောင်းဈေးအနေဖြင့် တစ်နှစ်နှင့်တစ်နှစ် ရောင်းဈေးမတူကြောင်း၊ နှစ်ရှည်သီးနှံဖြစ်ပြီး အပင်အပြုအစုကောင်းပါက (၁၅)နှစ်ခန့်အထိ ခူးဆွတ်ရသဖြင့် စိုက်ပျိုးသင့်သည့် သီးနှံတစ်မျိုးဖြစ်ကြောင်း ပြောပြသိရသည်။
မြို့သစ်မြို့နယ်တွင် စပျစ်စိုက်ပျိုးခြင်းကို မြေအောက်ရေတူးဖော်ကာ စမ်းသပ်စိုက်ပျိုးခဲ့ရာ အောင်မြင်ဖြစ်ထွန်းသဖြင့် စိုက်ပျိုးတောင်သူများသည် "ပဲ၊ ပြောင်း၊ စပါး၊ နှမ်း၊ မြေပဲနှင့်နေကြာ" စိုက်ပျိုးခြင်းနှင့်အတူ စပျစ်စိုက်ပျိုးခြင်းကိုပါ တွဲဖက်၍ လုပ်ကိုင်လာပြီဖြစ်ကြောင်း သိရသည်။
သန်းဝင်းထွန်း(IPRD)