မကွေး မတ် ၂၁
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ ကျင်းပသော အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲ ကျင်းပရာ၌ စာဖြေသံဃာနှင့် သီလရှင်များအတွက် ဆွမ်း၊ ကွမ်းနှင့် လိုအပ်သည်များ အသုံးပြုရန်အတွက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ အလှူတော်ငွေ ကျပ်သိန်း (၁၀၀) လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီက မကွေးမြို့ အောင်မြေရတနာ ကျောင်းတိုက်၌ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် သီရိပျံချီဦးတင့်လွင်နှင့် အဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဖိတ်ကြားထားသော ဧည်သည်တော်များ တက်ရောက်ခဲ့ကြသည်။
ဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွက်ဆို ဘုရားကန်တော့၍စတင်ခဲ့ပြီး၊ မကွေးမြို့အောင် မြေရတနာကျောင်းတိုက် ပဓာနနာယက ဘဒ္ဒန္တသုမန(မဟာဂန္ထဝါစကပဏ္ဍိတ)ထံမှ ဧည့်ပရိသတ်အပေါင်းတို့က ငါးပါးသီလ ခံယူဆောက်တည်ကာ၊ ဆရာတော်အရှင်သူမြတ်တို့ထံမှ မေတ္တာသုတ် အစရှိသော ပရိတ်တရားတော်များ နာယူခဲ့ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က သာသနာရေးဦးစီးဌာနမှကျင်းပသော အစိုးရ ဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲ ကျင်းပရာ၌ စာဖြေသံဃာနှင့် သီလရှင်များအတွက် ဆွမ်းကွမ်းနှင့် လိုအပ်သည်များ အသုံးပြုရန်အတွက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ လှူဒါန်းသည့် အလှူတော်ငွေ ကျပ်သိန်း (၁၀၀)အား မကွေးမြို့ အောင်မြေရတနာကျောင်းတိုက် မြို့နယ်သံဃာ နာယက ဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တဝိမလထံ ဆက်ကပ်လှူဒါန်းခဲ့သည်။
ယင်းနောက် မကွေးမြို့ သံဃာရာမကျောင်းတိုက် မြို့နယ်သံဃနာယကအဖွဲ့ အကျိုးတော်ဆောင် ဆရာတော် ဘဒ္ဒန္တကောသိယာဘိဝံသ(ဂန္ထဝါစကပဏ္ဍိတ)ထံမှ လှူဒါန်းမှုအစုစုတို့အတွက် အနုမောဒနာတရားနာကြား၍ ရေစက်သွန်းလောင်း အမျှပေးဝေကာ၊ ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု သုံးကြိမ်ရွက်ဆို ဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
မောင်ညီညာ