တောင်ကြီး မတ် ၂၁
ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၂/၂၀၂၃) ကြိမ်မြောက်အစည်းအဝေးကို ယနေ့နံနက်(၈)နာရီခွဲက တောင်ကြီးမြို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများသည် ပြည်နယ်စီးပွားဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အပံ့ဖြစ်စေသည့်အပြင် ဒေသခံများအတွက်လည်း အလုပ်အကိုင်အခွင့်အလမ်းများရရှိမှာဖြစ်ကြောင်း၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ လွယ်ကူချောမွေ့စေရေး ဆောင်ရွက်ပေးရန်အတွက် ကော်မတီဝင်များသာမက ဆက်စပ်ဦးစီးဌာန၊ လုပ်ငန်းများအားလုံး ဝိုင်းဝန်းဆောင်ရွက်ပေးကြရန် ပြောကြားသည်။
ဆက်လက်၍ ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ အတွင်းရေးမှူး၊ ပြည်နယ်ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးလေးနိုင်မှ တည်ဆောက်ရေးကာလတိုးမြှင့်ခွင့် တင်ပြလာသော Aramaw(NyaungShwe) Co., Ltd ၏ ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်း၊ လုပ်ငန်းအမျိုးအစားပြောင်းလဲခွင့်တင်ပြလာသော Agro Global Co., Ltd ၏ ပဲကြိတ်ခွဲခြင်းလုပ်ငန်း၊ ဟင်းသီးဟင်းရွက်အခြောက်ခံခြင်း၊ ထုတ်လုပ်ခြင်းနှင့် ရောင်းချခြင်းလုပ်ငန်းတို့ကို ရှင်းလင်းတင်ပြခြင်းနှင့် အတည်ပြုမိန့် လျှောက်ထားလာသော Myanmar LT Development Co., Ltd ၏ တိရစ္ဆာန်အစာထုတ်လုပ်ခြင်းနှင့် ပြည်ပသို့ရာနှုန်းပြည့်တင်ပို့ခြင်းလုပ်ငန်းကို ရှင်းလင်းတင်ပြသည်။
ထို့နောက် Myanmar LT Development Co., Ltd က တိရစ္ဆာန်အစာထုတ်လုပ်ခြင်းနှင့် ပြည်ပသို့ ရာနှုန်းပြည့်တင်ပို့ခြင်းလုပ်ငန်း ဆောင်ရွက်မည့်လုပ်ငန်းစဥ်များ၊ အတည်ပြုမိန့်လျှောက်ထားလာသော Myanmar Shwe Ayeyar Company Limited ၏ ဆန်ကြိတ်ခွဲထုတ်လုပ်ရောင်းချခြင်းလုပ်ငန်းများကို ကုမ္ပဏီတာဝန်ရှိသူများမှ အသီးသီးရှင်းလင်းတင်ပြပြီး တက်ရောက်လာသည့် ကော်မတီများက အထွေထွေဆွေးနွေးကြ၍ ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက နိဂုံးချုပ်စကားပြောကြားကြောင်း သိရသည်။
ရင်းနှီးမြှုပ်နှံမှုကော်မတီအနေဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း(၅)ခု ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ (၁၁.၀၀)သန်းကို ခွင့်ပြုပေးထားပြီး မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း(၁၃)ခု ရင်းနှီးမြှုပ်မှုပမာဏ အမေရိကန်ဒေါ်လာ (၆.၀၉၃)သန်းအပါအဝင် ကျပ်သန်း(၃၁၆၂၀.၇၄၄)ကို ခွင့်ပြုပေးထားခဲ့ပြီး အဆိုပါလုပ်ငန်းများမှ ရှမ်းပြည်နယ်အတွင်း အလုပ်အကိုင်အခွင့်အလမ်းအနေဖြင့် ပြည်တွင်း(၉၉၄)ဦးနှင့် ပြည်ပ(၅၃)ဦးကို ဖန်တီးပေးနိုင်ခဲ့ကြောင်း သိရှိရသည်။
မောင်မောင်သန်း(တောင်ကြီး)