မိုင်းပန်မြို့နယ်၌ (၇၈)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကုန်းကျိုင်းကျေးရွာ စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

မိုင်းပန် မတ် ၂၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် (၇၈)နှစ်မြောက်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (VDP) ရန်ပုံငွေဖြင့် ကျေးရွာစက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်းဖွင့်ပွဲအခမ်းအနားကို ကုန်းကျိုင်းကျေးရွာ၌ ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် လင်းခေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး၊ ဒုတိယညွှန်ကြားရေးမှူး ဦးလှမျိုးအောင်က ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ ကုန်းကျိုင်းကျေးရွာသူ/သားများကိုယ်စား ဦးတင်မြင့်က ကျေးဇူးတင်စကားပြောကြားခဲ့ပြီးနောက် သက်ဆိုင်ရာတာဝန်ရှိသူများမှ ကုန်းကျိုင်းကျေးရွာ စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်းကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်းတွင် တွင်းအနက်(၃၀၀)ပေရှိပြီး စီမံကိန်းထောက်ပံ့ငွေကျပ်(၁၀)သန်း၊ ပြည်သူထည့်ဝင်ငွေကျပ်(၀.၆၄)သန်းဖြင့် ကျေးရွာဖွံ့ဖြိုးရေးကော်မတီအဖွဲ့မှ ဆောင်ရွက်ပေးခဲ့ပြီး ကျေးရွာရှိအိမ်ခြေ(၂၆)အိမ်၊ လူဦးရေ(၁၀၀)ခန့်အား အကျိုးပြုပေးလျက်ရှိကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးမှူး ဦးမိုင်းမြင့်နိုင်ထွန်းထံမှ သိရသည်။

နော်မှိုင်း(ပြန်/ဆက်)