အုတ်ဖို မတ် ၂၁
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်တွင် အမှတ်(၂)လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေးတပ်ဖွဲ့စိတ်(သာယာဝတီ)မှဦးဆောင်၍ လူကုန်ကူးမှုတာဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက အုတ်ဖိုမြို့၊ အေးမြသာယာမြို့နယ်ရှိ KOJIMA IRJO MYANMAR COMPANY LIMITED အထည်ချုပ်စက်ရုံ၌ ကျင်းပခဲ့သည်။
အမှတ်(၂)လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးတပ်ဖွဲ့စိတ်(သာယာဝတီ)မှ တပ်ဖွဲ့စိတ်မှူး ရဲအုပ် ဥက္ကာသွင်က လူကုန်ကူးခံရခြင်းတွင် အများဆုံးဖြစ်ပွားလေ့ရှိသောပုံစံများ၊ လူကုန်ကူးခြင်း ခံရပါက ဆက်သွယ်ဆောင်ရွက်ရမည့် အကြောင်းအရာများ၊ Social Media အသုံးပြု၍ နည်းမျိုးစုံဖြင့် စည်းရုံးနေမှုများအား သတိပြုဆင်ခြင်နိုင်ရေး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအမှတ်(၄၁/၂၂)ဖြင့် အတည်ပြုပြဋ္ဌာန်းခဲ့သည့် လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေး ဥပဒေပါအကြောင်းအရာများနှင့်ပတ်သက်၍ projector ဖြင့်ပြသ၍ အသိပညာပေး ဟောပြောခဲ့သည်။
အခမ်းအနားသို့ စက်ရုံအလုပ်သမား အမျိုးသား(၁၂)၊အမျိုးသမီး(၈၈) စုစုပေါင်း(၁၀၀)ဦးတက်ရောက်ကြပြီး၊ လူကုန်ကူးမှုတာဆီးကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
အောင်သူ(ပြန်/ဆက်)