ပေါင်းတည် မတ် ၂၁
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ် ပြည်သူ့ဆေးရုံ၌ ယနေ့နံနက်ပိုင်းက အငြိမ်းစားဝန်ထမ်းများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းကို ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့များနှင့်ပူးပေါင်း၍ စတုတ္ထအကြိမ်မြောက်ဆက် လက်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းကို ပဲခူးတိုင်းဒေသကြီးအစိုးရမှဦးဆောင်၍ ဆောင်ရွက်ခြင်းဖြစ်ပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုအဖွဲ့အစည်းများနှင့် စေတနာရှင်ပြည်သူများစုပေါင်း၍ ကရုဏာစေတနာထက်သန်စွာဖြင့် အခမဲ့ကျန်းမာရေးစောင့်ရှောက်ပေးခဲ့ကြကြောင်း သိရသည်။
ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ရာ၌ မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာသန်းသန်းချစ်ကိုယ်တိုင် အငြိမ်းစားဝန်ထမ်းဟောင်းများအား စမ်းသပ်စစ်ဆေးပေးကာ ကျန်းမာရေးဝန်ထမ်းများက လိုအပ်သည်များကိုကူညီဆောင်ရွက်ပေးခဲ့ကြောင်း၊ ယနေ့တွင် အငြိမ်းစားဝန်ထမ်း ၈၀ ဦးအား အခမဲ့ဆေးဝါးကုသပေးခဲ့ကြောင်းနှင့် ကျန်းမာရေးစစ်ဆေးမှု ခံယူလိုသူ အငြိမ်းစားဝန်ထမ်းများအား ပင်စင်ထုတ်သည့် မြို့နယ်မြန်မာ့စီးပွားရေးဘဏ်မှ ပြည်သူ့ဆေးရုံသို့ မော်တော်ယာဉ်ဖြင့် အခမဲ့သယ်ယူပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။
သူရကြီး (ပြန်/ဆက်)