ပုဇွန်တောင် မတ် ၂၁
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်တွင် ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှုမရှိလာစေရေးအတွက် ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန် မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး၏လမ်းညွှန်မှုဖြင့် မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံး ဝန်ထမ်းများသည် ယနေ့နံနက်က လူစည်ကားရာနေရာများဖြစ်သောစျေးများတွင် ဈေးသည်နှင့်ဈေးဝယ်များအား Hand Speaker ဖြင့် အသိပညာပေးပြီး Mask Campaign ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ Mask Campaign ဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးမှ မြို့နယ်စည်ပင်သာယာလက်ထောက်အုပ်ချုပ်ရေးမှူး ဦးဆန်းအောင် ဦးဆောင်သည့် ဝန်ထမ်းများက လူစည်ကားရာ နေရာများဖြစ်သော ဈေးများတွင် ဈေးသည်များနှင့် ဈေးဝယ်များအား ကိုဗစ်-၁၉ ရောဂါပြန်လည်ဖြစ်ပွားနေသည့်အတွက် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွန်ချက်အတိုင်း Mask နှင့် Faceshied အကာများကို တပ်ဆင်ခြင်းဖြင့် စျေးရောင်းသူများသည် စျေးဝယ်သူအများအပြားနှင့်နီးကပ်စွာ ထိတွေ့နေရသဖြင့် အကာအကွယ်ရရှိစေရန်၊ စျေးဝယ်သူများအနေဖြင့်လည်း စျေးသို့မလာမှီကပင် မိမိဝယ်ယူမည့်ပစ္စည်း အမျိုးအမည်နှင့်အရေအတွက်ကို ကြိုတင်စာရင်းပြုလာစေရန်၊ စျေးဝယ်သူများအနေဖြင့် မိမိဝယ်ယူမည့်ပစ္စည်းများအား အမြန်ဝယ်စေရန်၊ အသက်အရွယ်ကြီးသူများ ရောဂါအခံတစ်မျိုးမျိုးရှိသူများအနေဖြင့် စျေးရောင်းခြင်း၊ စျေးဝယ်ခြင်းများ မပြုလုပ်စေရန်၊ နေ့တိုင်းစျေးဝယ်မထွက်ပဲဖြစ်နိုင်ပါက ၂ ရက်တစ်ခါ ၃ ရက်တစ်ခါသာ စျေးဝယ်ထွက်စေရန်၊ စျေးရောင်းသူများနှင့်စျေးဝယ်သူများအကြား ကိုဗစ်-၁၉ ရောဂါမဖြစ်ပွားစေခြင်းဖြင့် ပူးပေါင်းပါဝင်ကြပါရန် လက်ကိုင်အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်ပြီး Mask များ အခမဲ့ဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။
ဟန်စုယဉ်