ဒေးဒရဲမြို့နယ်အတွင်းရှိ အင်း၊ တင်ဒါပိုက်ချက်များ (ပထမ)အကြိမ် လေလံတင်ရောင်းချပွဲ အခမ်းအနားကျင်းပ

ဒေးဒရဲ မတ် ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ခုနှစ်၊ လုပ်ငန်းရာသီအတွက် မြို့နယ်အတွင်းရှိ အင်း၊ တင်ဒါပိုက်ချက်များ ပထမအကြိမ် လေလံတင်ရောင်းချပွဲ အခမ်းအနားကို ယနေ့နံနက် (၁၀) နာရီက မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ဖျာပုံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတင်လင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် အင်းသားကြီးများ တက်ရောက်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ဖျာပုံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်လင်းက အဖွင့်အမှာစကား ပြောကြားခြင်းနှင့်  ဧရာဝတီတိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာန၊ ဒုတိယတိုင်းဦးစီးမှူး ဦးမြသိန်းက ငါးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ ငါးမျိုးစိတ်များ မပြုန်းတီးစေရေး ငါးမျိုးစိုက်ထည့်မှုနှင့် သတ်မှတ်ငါးဖမ်းကိရိယာများ ခွင့်ပြုဆောင်ရွက်နေမှုများကို ရှင်းလင်း ဆွေးနွေးခဲ့ပြီး၊ ဖျာပုံခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးကိုကိုလွင်က အင်း၊ တင်ဒါ လေလံ စည်းကမ်းချက်များကို ရှင်းလင်းဆွေးနွေးခဲ့ရာ တက်ရောက်လာသော အင်းသားကြီးများက အင်းလုပ်ငန်းများ လုပ်ကိုင်ရာတွင် ကြုံတွေ့ရသော အခက်အခဲများ၊ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ  တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ၂၀၂၃-၂၀၂၄ ခုနှစ်၊ လုပ်ငန်းရာသီအတွက် ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ အင်း (၃၆)အင်း၊ တင်ဒါပိုက်ချက်(၅၆)ချက်အား (ပထမ)အကြိမ်အဖြစ် လေလံတင် ရောင်းချပေးခြင်း ဖြစ်ကြောင်း သိရသည်။

အေဇာလင်း