နေပြည်တော် မတ် ၂၁
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ဖြတ်သန်းသွားသည့် အာဆီယံလမ်းမကြီးများနှင့် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးဘေးဝဲ/ယာ မီတာ ၅၀၀ အတွင်း သစ်ပင်စိုက်ပျိုးနိုင်မည့် အခြေအနေနှင့်စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက နေပြည်တော် ကောင်စီရုံးအစည်းအဝေးခန်းမတွင် ကျင်းပသည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းက ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း အမြဲစိမ်းလန်းစိုပြည်၍ ရှုခင်းများဖြင့် သာယာလှပစေရန်၊ တစ်နိုင်ငံလုံး သစ်တောဖုံးလွှမ်းမှု တိုးတက်စေရန်၊ အဖိုးတန်၊ အကြီးမြန် အရိပ်ရသစ်မျိုးများ ပိုမိုတိုးတက်စေရန် ရည်ရွယ်ချက်များ ချမှတ်၍ အာဆီယံ လမ်းမကြီး ဝဲ/ယာ နှင့် ရန်ကုန်-မန္တလေး အမြန်လမ်းဘေး ဝဲ/ယာ တစ်လျှောက် တွင် သစ်ပင်များစိုက်ပျိုး ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်အရ အာဆီယံလမ်းမကြီး (၇)ခု၏ ဘေးဝဲ/ယာ လမ်းဘေးတစ်လျှောက် သစ်ပင် စိုက်ပျိုးခြင်းကို ၂၀၂၃ ခုနှစ် မိုးရာသီမှစတင် ဆောင်ရွက်နိုင်ရန်အတွက် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ဖြတ်သန်းသွားသည့် အာဆီယံလမ်းမကြီးများနှင့် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၏ လမ်းဧရိယာ နယ်နိမိတ်အဆုံးအတွင်း ကျရောက်လျက်ရှိသည့် ကြိုးဝိုင်း/ ကြိုးပြင်ကာကွယ်တောများ၌ စိုက်ပျိုးနိုင်မှုအခြေအနေ၊ သစ်တောမြေပြင်ပတွင် သက်ဆိုင်ရာ ဌာနများမှ စီမံခန့်ခွဲလျက်ရှိသည့် မြေများ၌လည်း သစ်ပင်များစိုက်ပျိုးနိုင်ရေးတို့ကို သက်ဆိုင်ရာဌာနများမှ ဝိုင်းဝန်းတင်ပြဆွေးနွေးပေးစေလိုကြောင်း ပြောကြားသည်။
ထို့နောက် နေပြည်တော်သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး ဦးညွန့်ဝင်းက အာဆီယံလမ်း မကြီးများနှင့် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးဘေး ဝဲ/ယာ မီတာ ၅၀၀ အတွင်း သစ်ပင်စိုက်ပျိုး နိုင်မည့် အခြေအနေနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် တက်ရောက်လာသည့် ဌာနဆိုင်ရာများက မိမိတို့သက်ဆိုင်ရာကဏ္ဍအလိုက် ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြကြရာ တင်ပြချက်များနှင့်စပ်လျဉ်း၍ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဝင်း(ပြန်/ဆက်)