ဘီးလင်း မတ် ၂၁
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး Community Centre ခန်းမတွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်ကို အများ ပြည်သူများ သိရှိလေ့လာနိုင်ရန်အတွက် ယမန်နေ့ နံနက်ပိုင်းမှ စတင်ပြသဆောင်ရွက်ထားကြောင်း သိရသည်။
အဆိုပါနံရံကပ်စာစောင်တွင် ကလေးသူငယ်အခွင့်အရေးများ၊ ကလေးသူငယ်များကို စောင့်ရှောက်ပေးနိုင်သည့် နည်းလမ်းများ၊ အန္တရာယ်ရှိသော အလုပ်မျိုးနှင့် ခေါင်းပုံဖြတ် အမြတ်ထုတ်မှုခံရသည့် အလုပ်လုပ်ကိုင်နေသော ကလေးမျာ၏ရုပ်ပိုင်ဆိုင်ရာဖွံ့ဖြိုးမှု၊ စိတ်လှုပ်ရှားမှုဆိုင်ရာဖွံ့ဖြိုးမှု၊ လူမှုဆက်ဆံရေးဆိုင်ရာဖွံ့ဖြိုးမှုများ၊ ထိခိုက်မှုများနှင့် အန္တရာယ်ရှိသောအလုပ်၊ အသက်အလွန်ငယ်သောအရွယ်တွင် အလုပ်လုပ်ရခြင်း၊ လိင်ပိုင်ဆိုင်ရာခေါင်းပုံဖြတ် အမြတ်ထုတ်ခံရခြင်း အစရှိသည့် အသိပညာပေး နံရံကပ်စာစောင်များကို ရုပ်ပုံများဖြင့် ပါဝင်ပြသထားရာ ပြည်သူများက စိတ်ဝင်တစား ကြည့်ရှုကြကြောင်း သိရသည်။
ဘီးလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကလေးအလုပ်သမားပပျောက်ရေး နံရံကပ်စာစောင်ပြသပေးခြင်းများအပြင် ဟောပြောပွဲများ၊ အသိပညာပေး Talk Show ဆွေးနွေးပွဲ အစီအစဉ်များ ရိုက်ကူးထုတ်လွှင့်ခြင်းအပါအဝင် ပြည်သူအသိပညာပေး ဝန်ဆောင်မှုလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဘီးလင်း(ပြန်/ ဆက်)