မိုင်းဆတ် မတ် ၂၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်ခရိုင် ပြည်သူ့စာကြည့်တိုက်ကလေးစာဖတ်ခန်း၌ ယနေ့နံနက်(၁၀)နာရီက မူလတန်းအဆင့် ကဗျာရွတ်ဆိုပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မိုင်းဆတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် နွေရာသီကျောင်းပိတ်ရက်ရှည်ကာလများတွင် ကလေးငယ်များဆော့ကစားခြင်းဖြင့် အချိန်မဖြုန်းစေရန်ရည်ရွယ်ပြီး ကဗျာရွတ်ပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးခြင်း၊ ကလေးစာဖတ်ခန်းတွင် ကလေးများလေ့လာဖတ်ရှုနိုင်ရန် ကလေးစာပေများထားရှိပေးခြင်း၊ ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးခြင်းများကို ဆောင်ရွက်လျက်ရှိသည်။
အဆိုပါ မူလတန်းအဆင့် ကဗျာရွတ်ပြိုင်ပွဲသို့ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူများက အင်္ဂလိပ်ကဗျာများ၊ ယဉ်ကျေးလိမ္မာကဗျာများနှင့် KG ကဗျာများဖြင့် ရွတ်ဆိုယှဉ်ပြိုင်ခဲ့ကြပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အမှတ်တရလက်ဆောင်များ ပြန်လည်ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
မြင့်မောင်(ပြန်/ဆက်)