မိတ္ထီလာမြို့ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းသို့ ရွာထောင်စက်ခေါင်း တည်ဆောက်ပြုပြင်စက်ရုံမှ တာဝန်ရှိသူများ လာရောက်လေ့လာ

မိတ္ထီလာ မတ် ၂၁

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်း (မိတ္ထီလာ)သို့ ရွာထောင်စက်ခေါင်းတည်ဆောက်ပြုပြင်စက်ရုံမှ တာဝန်ရှိသူများ ယမန်နေ့က လာရောက်လေ့လာခဲ့ကြောင်း သိရသည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်း (မိတ္ထီလာ)မှ ကျောင်းအုပ်ကြီး  ဦးမင်းချစ်ဦးက ရွာထောင်စက်ခေါင်းတည်ဆောက်ပြုပြင်စက်ရုံမှ မန်နေဂျာနှင့် အဖွဲ့အား ကျောင်းအုပ်ကြီးဧည့်ခန်းတွင် လက်ခံတွေ့ဆုံပြီး သင်တန်းကိစ္စများနှင့် ကျောင်းသက်သာ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများကို ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် ဒုတိယကျောင်းအုပ်ကြီး ဒေါ်ခင်သီတာမင်းနှင့် ညွှန်ကြားရေးမှူး ဒေါက်တာအောင်မျိုးကျော်(သလရ)တို့က ရွာထောင်စက်ခေါင်း တည်ဆောက်ပြုပြင်စက်ရုံမှ မန်နေဂျာနှင့် အဖွဲ့အား အစည်းအဝေးခန်းမ (၁)တွင် တွေ့ဆုံခဲ့ပြီး ကျောင်းလုပ်ငန်းများကို ရှင်းလင်းပြောကြားခဲ့ရာ ရွာထောင်စက်ခေါင်း တည်ဆောက်ပြုပြင်စက်ရုံမှ မန်နေဂျာက သိလိုသည်များကို မေးမြန်ဆွေးနွေးခဲ့သည်။

ဆက်လက်၍ ရွာထောင်စက်ခေါင်းတည်ဆောက်ပြုပြင်စက်ရုံမှ မန်နေဂျာနှင့်အဖွဲ့သည် သင်ထောက် ကူ ပစ္စည်းများနှင့် မွေးမြူရေးလုပ်ငန်းများကို လှည့်လည်ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)