ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး ဗန်းမော်မြို့ရှိ ကုန်စည်ပို့ဆောင်ရေးဂိတ်များ ကွင်းဆင်းစစ်ဆေး

ဗန်းမော်      အောက်တိုဘာ    ၁

ကချင်ပြည်နယ် ဗန်းမော်မြို့တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအနေဖြင့် ဗန်းမော်မြို့ရှိ ကုန်စည် ပို့ဆောင်ရေး ဂိတ်များသည် သတ်မှတ်ထားသော စည်းကမ်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်မှု ရှိ/မရှိကို  ယနေ့ နံနက် ၉ နာရီခွဲက ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် ဗန်းမော်ခရိုင်ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဇော်မင်းလှိုင်၊ ခရိုင်ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ဦးဇော်မျိုးဝင်း၊ ဗန်းမော်မြို့ အမှတ်(၁၀၀)ယာဉ်ထိန်းရဲတပ်ဖွဲ့မှ တပ်ဖွဲ့စုမှူး ဒုရဲမှူးသက်နိုင်ဦးနှင့် ခရိုင်ပုဂ္ဂလိက ပိုင်လုပ်ငန်းယာဉ်များကြီးကြပ်မှုကော်မတီမှ အဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့တို့သည် မန်းစတား ကုန်စည်ပို့ဆောင်ရေးဂိတ်၊ နေလ/စွမ်းပကား ကုန်စည်ပို့ဆောင်ရေးဂိတ်နှင့် ရွှေထိပ်တန်း ကုန်စည်ပို့ဆောင်ရေးဂိတ်တို့ကို ကွင်းဆင်း၍ ဂိတ်တာဝန်ခံနှင့် မော်တော်ယာဉ်မောင်းများ တွေ့ဆုံပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်သော စည်းကမ်းချက်များ လိုက်နာဆောင်ရွက်မှုရှိမရှိကို ကြည့်ရှုကာ ကုန်တင်ယာဉ်များကို ပိုးသတ်ဆေးဖျန်းခြင်းနှင့် သတ်မှတ်ထားသော စည်းကမ်းချက်လိုက်နာရေး ကြပ်မတ် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

“ကျွန်တော်တို့ ပူးပေါင်းအဖွဲ့တွေနဲ့ ဗန်းမော်မြို့မှာရှိတဲ့ ကုန်တင်ယာဉ်ဂိတ် အသီးသီးကို လှည့်လည်ပြီးတော့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ထိန်းချုပ်၊ ကုသရေးကော်မတီ အဆင့်ဆင့်ရဲ့ လမ်းညွှန်ချက်နဲ့အညီ ကုန်တင်ယာဉ်များ လိုက်နာရမည့် စံသတ်မှတ်ချက် လိုက်နာမှုရှိ/မရှိကို အသိပညာပေးခြင်း၊ နှိုးဆော်တိုက်တွန်းခြင်း၊ ရောက်ရှိလာတဲ့ ကုန်တင်ယာဉ် များအနေနဲ့ ယာဉ်မောင်းများကို မိမိရဲ့နေအိမ်ကို မပြန်စေဘဲ ဂိတ်မှာပဲ စနစ်တကျနေခိုင်းဖို့ ကြပ်မတ်ဆောင်ရွက် လျက်ရှိပါတယ်” ဗန်းမော်ခရိုင်ပို့ဆောင်ရေး စီမံကိန်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဇော်မင်းလှိုင်က ပြောသည်။

ကိန်းဖြူ(ပြန်/ဆက်)