လေးမျက်နှာ မတ်လ ၂၀
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီး ဗိုလ်ချူပ်ကြီးတင်အောင်စန်းနှင့်ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချူပ်ဦးတင်မောင်ဝင်းတို့သည် ယမန်နေ့ နေ့လည်ပိုင်း၌ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် ထူပါရုံစေတီတော်မြတ်ကြီး ကမ်းပြိုကာကွယ်ရေး ကမ်းထိန်းလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခဲ့သည်။
ရှေးဦးစွာ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီး ဗိုလ်ချူပ်ကြီးတင်အောင်စန်းသည် လေးမျက်နှာမြို့နယ် ထူပါရုံဘုရားကမ်းထိန်းလုပ်ငန်း ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးရာ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးဦးတိုးအောင်လင်းက ကမ်းထိန်း လုပ်ငန်းများဆောင်ရွက်နေမှုနှင့်ပတ်သက်၍ ရေထဲပိုင်း Geo Bag ချပြီးနောက် Cross Section အခြေအနေများ၊ ရှေးဟောင်းသမိုင်းဝင် စတုမုခထူပါရုံစေတီတော်မြတ်ကြီး ကမ်းပြိုမှုအန္တရာယ်မှ ကာကွယ်နိုင်ရန် ရေရှည်အစီအမံများ (၃နှစ်စီမံကိန်း)၊ စေတီတော်မြတ်ကြီး မျက်နှာချင်းဆိုင်တစ်ဖက်ကမ်းရှိ သောင်တူးဖော်ဆောင်ရွက်နေမှုအခြေအနေ၊ စေတီတော်မြတ်ကြီး၏ အထက်ဘက်နှင့်အောက်ဘက်ရှိ အနောက်ဘက်ကမ်းပါးတွင် ရေကြောင်းထိန်းရေကာများနှင့် ကမ်းထိန်းတမံများ တည်ဆောက်မည့်နေရာ၊ စေတီတော်မြတ်ကြီးအောက်ဘက်ရှိ သောင်တူးဖော်ရမည့်နေရာနှင့် လုပ်ငန်းများဆောင်ရွက်ပြီးစီးပါက ဖြစ်ပေါ်လာမည့် မျှော်မှန်းရေလမ်းကြောင်းတို့အား ရှင်းလင်းတင်ပြခဲ့သည်။ အဆိုပါကမ်းထိန်းလုပ်ငန်းအား တင်ဒါအောင်မြင်ငွေ (၄၄၁.၀၀၀) သန်းဖြင့် PKSY ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်လျက် ရှိကြောင်းသိရသည်။
ထို့နောက် ကမ်းထိန်းလုပ်ငန်းဆောင်ရွက်နေမှုများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ မှားကြားကာ ရှေးဟောင်းသမိုင်းဝင် စတုမုခထူပါရုံစေတီတော်မြတ်ကြီးနှင့် စွယ်တော်မြတ်တို့အား ဖူးမြော်ကြည်ညို၍ အလှူငွေများဆက်ကပ်လှူဒါန်းရာ လေးမျက်နှာမြို့နယ်ပရဟိတကျောင်းတိုက် ဆရာတော်မှ ရေစက်ချတရားဟောကြားခဲ့ပြီး နေ့လည် (၂:၃၀) အချိန်တွင် ပြန်လည်ထွက်ခွာသွားသည်။
ကျော်ဟိန်း (ပြန်/ဆက်)