ကျိုက်လတ်၌ ဒုတိယအကြိမ် မဲဆန္ဒနယ်မြေအလိုက်ဆန္ဒမဲပေးခွင့်ရှိသည့် မဲဆန္ဒရှင်စာရင်းများ ထုတ်ပြန်

ကျိုက်လတ်   အောက်တိုဘာ          ၁

ဧရာဝတီတိုင်းဒေသကြီး ၊ ဖျာပုံခရိုင် ၊ ကျိုက်လတ်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ၊ ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မြို့ပေါ်(၆) ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၈၇) အုပ်စုတို့တွင် မဲဆန္ဒနယ်မြေအလိုက် ဆန္ဒမဲပေးခွင့်ရှိသည့် မဲဆန္ဒရှင်အမည် စာရင်းများကို ရပ်ကွကနှင့် ကျေးရွာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးများ၌ အောက်တိုဘာလ (၁) ရက်နေ့မှ (၁၄) ရက်နေ့အထိ ဒုတိယအကြိမ် ထုတ်ပြန်ကြေညာထားသည်။

အဆိုပါ ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာရာတွင် ပိုမိုပြည့်စုံမှန်ကန်ရေး အတွက် ပထမအကြိမ်  မဲစာရင်း ကပ်ထားကြေညာစဉ်က တောင်းဆိုခြင်း ၊ ကန့်ကွက်ခြင်း ၊ ပြင်ဆင်ခြင်းများအား ဖြည့်စွက်ပြီး မဲဆန္ဒရှင်စာရင်းအားလုံးကို ယခုကြေညာထားရာတွင် မဲဆန္ဒရှင် ပြည်သူများအနေဖြင့် လာရောက်ကြည့်ရှုစစ်ဆေးပြီး မိမိအမည်စာရင်း ပါ/မပါ ၊ အချက် အလက် မှန်/မမှန် စစ်ဆေးရန်နှင့် မိမိအမည် မဲစာရင်းတွင် မပါဝင်ပါက အမည်စာရင်းထည့်သွင်းရန် ပုံစံ(၃)ဖြင့် လည်းကောင်း ၊ မပါဝင်သင့်သူများ ပါဝင်နေပါက ကန့်ကွက်ရန်ပုံစံ(၄)ဖြင့် လည်းကောင်း မဲစာရင်းပါအချက်အလက်များ မှားယွင်းနေပါက ပြင်ဆင်ရန် ပုံစံ(၄-ဂ) ဖြင့် လည်းကောင်း၊ သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံ လျှောက်ထားဆောင်ရွက်နိုင်ကြောင်း ၊ လိုအပ်သော ပုံစံများကိုလည်း ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် အခမဲ့ ရယူနိုင် ကြောင်းသိရသည်။

ကျိုက်လတ်မြို့နယ်အနေဖြင့် ရပ်ကွက်/ကျေးရွာအုပ်စု (၉၃) အုပ်စု၌ မဲရုံစုစုပေါင်း (၂၆၀) ရုံ ရှိပြီး ဒုတိယအကြိမ် ဆန္ဒမဲပေးခွင့်ရှိသူ အရေအတွက်မှာ စုစုပေါင်း (၁၂၅၈၃၁) ဦးရှိကြောင်း   မြို့နယ်အထွေထွေရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ  သိရသည်။

အိမ်ထောင်စုတစ်စုလျှင်  အနည်းဆုံး(၁)ဦး   လာရောက်ကြည့်ရှုရန်နှင့်    အခက်အခဲရှိပါက မဲဆန္ဒရှင်စာရင်းကြည့်ရှုစစ်ဆေးသည့် Web Application နှင့် Mobile Application များတွင် ဝင်ရောက်ကြည့်ရှုရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကလည်း တိုက်တွန်းနှိုးဆော်ထား ကြောင်းသိရသည်။ ထိုသို့ မဲဆန္ဒရှင်အမည်စာရင်း ကြေညာရာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး အတွက် ကျန်းမာရေးဦးစီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက် ထားရှိ ကြောင်းသိရသည်။

ရီရီမြင့်(ပြန်/ဆက်)