ရပ်စောက် အောက်တိုဘာ ၁
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ မဲရုံအသီးသီးတွင် လုံခြုံရေးတာဝန်များ ဆောင်ရွက်မည့် တပ်ဖွဲ့ဝင်များ အထူးရဲသင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၈ နာရီက မြို့ကုန်းရပ်ကွက်၊ အမှတ်(၃) အခြေခံပညာ အလယ်တန်းကျောင်းခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဝင်းက အမှာစကားပြောကြားပြီး မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးစိုးနိုင်က သင်တန်းဖွင့်မိန့်ခွန်း ပြောကြားသည်။ သင်တန်းတွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကာလအတွင်း လုံခြုံရေးတာဝန်များကို စနစ်တကျ ဆောင်ရွက်နိုင်ရန်အတွက် အထူးရဲတပ်ဖွဲ့ဝင်များအား အခြေခံစစ်ပညာဘာသာရပ်၊ ရွေးကောက်ပွဲဆိုင်ရာဥပဒေ၊ နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်ခွင့်နှင့် လုံခြုံမှုကို ကာကွယ် ပေးရေးဥပဒေ၊ သတင်းမီဒီယာဥပဒေ၊ ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေ၊ ရဲအက်ဥပဒေ၊ ရာဇသတ် ကြီးကျင့်ထုံးဥပဒေနှင့် ရာဇသတ်ကြီးပါ ပြဋ္ဌာန်းချက်များအား ရွေးချယ်ပို့ချပေးသွားမည်ဖြစ်ပြီး သင်တန်းကာလမှာ တစ်လကြာမြင့်မည် ဖြစ်ကြောင်း သိရသည်။
အဆိုပါသင်တန်းအား ကိုဗစ်-၁၉ ရောဂါကာလအတွင်း ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဖွင့်လှစ်ခြင်း ဖြစ်ပြီး အထူးရဲတပ်ဖွဲ့ဝင် (၈၄) ဦးတို့အား သင်ကြားပို့ချ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဇော်ဝင်း(ပြန်/ဆက်)