မြစ်သားမြို့နယ်တွင် မဲဆန္ဒရှင်စာရင်းများ ဒုတိယအကြိမ်အဖြစ် ကပ်ထားကြေညာ

မြစ်သား အောက်တိုဘာ ၁

မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် မဲဆန္ဒရှင်စာရင်းများအား ဒုတိယအကြိမ်အဖြစ် ကပ်ထားကြေညာခြင်းကို မြစ်သားမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများတွင်  ယနေ့နံနက်ပိုင်းမှစတင်ကာ ကပ်ထားကြေညာထားကြောင်း သိရသည်။

အဆိုပါ မဲဆန္ဒရှင်စာရင်းများကို ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ (၁) ရက်နေ့မှ (၁၄)ရက်ထိ (၂) ပတ်ခန့် သက်ဆိုင်ရာ ရပ်ကွက် /ကျေးရွာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများတွင် ဒုတိယအကြိမ်  အဖြစ်ကပ်ထားကြေညာထားမည်ဖြစ်ပြီး မဲဆန္ဒရှင်ပြည်သူများက  မဲစာရင်းကို လာရောက်ကြည့်ရှု စစ်ဆေး၍ မိမိအမည် မဲစာရင်းတွင်မပါဝင်ပါကပုံစံ(၃)ဖြင့် မဲစာရင်းတွင် အမည်ထည့်သွင်းပေးရန် တောင်းဆိုခြင်း၊ မပါဝင်သင့်သူများ ပါဝင်နေပါက ပုံစံ(၄)ဖြင့် ကန့်ကွက်ခြင်း၊ မဲစာရင်းပါ အချက် အလက်များ မှားယွင်းနေပါက ပုံစံ(၄-ဂ)ဖြင့် ပြင်ဆင်လွှာတင်သွင်းခြင်းတို့ကို ဆောင်ရွက်နိုင်ပြီး လိုအပ်သည့် ပုံစံများကိုလည်း  ရပ်ကွက် /ကျေးရွာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများတွင်  အခမဲ့ရယူနိုင်ကြောင်း သိရသည်။

အဆိုပါ မဲဆန္ဒရှင်စာရင်းများကို  ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင် ၂၅ ရက်နေ့မှ သြဂုတ် ၁၄ ရက်နေ့ထိ ပထမ အကြိမ် ကပ်ထားကြေညာခဲ့ပြီး ယခုအကြိမ် ကပ်ထား ကြေညာခြင်းမှာ ဒုတိယအကြိမ် ကပ်ထား ကြေညာပေးခြင်းဖြစ်ရာ  မဲဆန္ဒရှင်ပြည်သူများအနေဖြင့် ရွေးကောက်ပွဲနေ့တွင် လွယ်ကူစွာမဲပေး နိုင်ရေး အိမ်ထောင်စုတစ်စုလျှင် အနည်းဆုံးတစ်ဦး လာရောက်ကြည့်ရှု့ကြစေရန်နှင့် မိမိနှင့် မိသားစုတို့၏ မဲစာရင်းအမှတ်စဉ်များကို မှတ်သားထားခြင်းဖြင့် ရွေးကောက်ပွဲနေ့ မဲရုံတွင်မဲလက်မှတ် ရယူရာ၌ အချိန်ကုန်သက်သာစေရေး ပူပေါင်းကူညီဆောင်ရွက်ပေးစေလိုကြောင်းကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က မဲဆန္ဒရှင် ပြည်သူများသို့ မေတ္တာရပ်ခံအသိပေး ကြေညာထားသည်။

အထွေထွေရွေးကောက်ပွဲကြီးကို ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်ရာ မြစ်သားမြို့နယ်၌ ဆန္ဒမဲပေးခွင့်ရှိသူ မဲဆန္ဒရှင်စုစုပေါင်း (၁၅၆၂၄၆) ဦးခန့်ရှိပြီး မဲရုံပေါင်း (၂၀၁) ရုံ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

မြမြမွန်(ပြန်/ဆက်)