တိုက်ကြီးမြို့နယ်တွင် အ.ထ.က (မြို့မ)ကျောင်း၌ ယာယီဆေးရုံဖွင့်လှစ်နိုင်ရေး ပြင်ဆင်ဆောင်ရွက်

တိုက်ကြီး အောက်တိုဘာ ၁


ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ဓာတ်ခွဲ အတည်ပြုလူနာများ ထားရှိရန်အတွက် အ.ထ.က(မြို့မ)ကျောင်း၌ ယာယီဆေးရုံဖွင့်လှစ် နိုင်ရေးအတွက် ယမန်နေ့ နံနက် ၈ နာရီအချိန်က ပြင်ဆင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်စိုး ဦးဆောင်သော ကော်မတီဝင်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူများ ပါဝင်သောအဖွဲ့သည် မြို့နယ်အတွင်း ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာ များ ဆေးကုသနိုင်ရေး အမျိုးသား၊ အမျိုးသမီးဦးရေ(၁၀၀)ဦးဆံ့သည့် အ.ထ.က(မြို့မ)ကျောင်းအား စာသင်ခန်း တစ်ခန်းလျှင် လူနာ(၃)ဦး ထားရှိနိုင်ရေးအတွက် အခန်းများ ပြင်ဆင်ခြင်း၊ ကျောင်းဝန်းအတွင်း/အပြင် အမှိုက်များ သိမ်းခြင်း စသည့်သန့်ရှင်းရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။
အဆိုပါ ယာယီဆေးရုံအဖြစ် ဖွင့်လှစ်မည့် အ.ထ.က(မြို့မ) ကျောင်းဝင်းအတွင်းရှိ ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြု လူနာများထားရှိမည့် စာသင်ခန်းများ၊ သန့်စင်ခန်းများ၊ အဆောက်အဦများ၊ လူသွားလမ်းများတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရေး ပိုးသတ်ဆေးများ ပက်ဖျန်းခြင်းကို ခိုကိုးရာမဲ့ အဖိုးအဖွားများ စောင့်ရှောက်ရေးနှင့် လူမှုကူညီ ကယ်ဆယ်ရေးအသင်း(တိုက်ကြီးမြို့နယ်)က ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
စန်းကလျာခိုင်(ပြန်/ဆက်)