အမာ အောက်တိုဘာ ၁
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ ဆိပ်မကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့နံနက်(၉)နာရီမှစတင်၍ ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် လုံခြုံရေး ဆောင်ရွက်ကြမည့် အထူးရဲတပ်ဖွဲ့ဝင်များအား အထူးရဲသင်တန်း စတင် ဖွင့်လှစ်ပို့ချခဲ့ကြောင်းသိရသည်။
ဖျာပုံမြို့နယ်အတွင်းရှိ အမာနယ်မြေရဲစခန်း၊ ဒေါ်ညိမ်းနယ်မြေရဲစခန်း၊ ကျုံကဒွန်းနယ်မြေ ရဲစခန်းအပိုင် ကျေးရွာအုပ်စုများမှ မဲရုံ(၁၂၂)ရုံအတွက် အထူးရဲတပ်ဖွဲ့ဝင် (၁၂၂)ဦး ခန့်အပ် ထားရှိခဲ့ကာ ယနေ့သင်တန်းတွင် အထူးရဲတပ်ဖွဲ့ဝင် (၁၂၂)ဦးတက်ရောက်ကြကြောင်း၊ သင်တန်းကို ဖျာပုံခရိုင်၊ ဒုတိယ ခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းထွဋ်ဝင်းမှ တက်ရောက်ဖွင့်လှစ်ပေးပြီး သင်တန်းမှူး အဖြစ် ဖျာပုံမြို့နယ်၊ ဒုတိယမြို့နယ်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးစိုးလင်းမှ တာဝန်ယူဆောင်ရွက်ပြီး သင်တန်းသားများအား မဲရုံလုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ ဥပဒေ၊ နည်းဥပဒေများ၊ ရဲကျင့်ဝတ်များနှင့် စစ်ရေးပြ ဘာသာရပ်များ အား စာတွေ့လက်တွေ့ သင်ကြားပို့ချ သွားမည်ဖြစ်ကြောင်း သိရသည်။
သင်တန်းကာလမှာ ယနေ့ အောက်တိုဘာ(၁)ရက်နေ့မှ အောက်တိုဘာ(၂၈)ရက်နေ့အထိ ရက်သတ္တပတ် (၄)ပတ်ကြာ ပို့ချသွားမည်ဖြစ်ကြောင်း အမာနယ်မြေရဲစခန်း၊ ဆိပ်မကျေးရွာတံတားလုံခြုံရေးရဲကင်းမှူး ဒုရဲအုပ်ရဲဝေလင်းထံမှသိရသည်။
နော်လေး(အမာ)