ကျွန်းစုမြို့တွင် မဲရုံလုံခြုံရေးဆောင်ရွက်နိုင်ရေးအတွက် အထူးရဲသင်တန်း(၂၈)ရက် သင်တန်း ဖွင့်လှစ်

ကျွန်းစု အောက်တိုဘာ ၁

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ မဲရုံလုံခြုံရေးဆောင်ရွက်နိုင်ရေးအတွက် အထူးရဲသင်တန်း (၂၈)ရက်သင်တန်းကို ဖွင့်လှစ်သင်ကြားမည်ဖြစ်ရာ ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်(၈)နာရီအချိန်က မြို့နယ်ကျွန်းရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဖွင့်ပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဌေးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းမောင်က အထူးရဲများနှင့်ပက်သက်၍ လိုက်နာဆောင်ရွက်ရမည့်လုပ်ငန်းများကို ဆွေးနွေး ပြောကြားခဲ့ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

ကျွန်းစုမြို့တွင် မဲရုံစုစုပေါင်း(၁၆၃)ရုံရှိပြီး မဲရုံများလုံခြုံရေးဆောင်ရွက်နိုင်ရေးအတွက် မြို့ပေါ် အမှတ်(၄) ရပ်ကွက်၊ ရွှေအဏ္ဏဝါဖောင်ဒေးရှင်းဘော်ဒါဆောင်၌ အထူးရဲတပ်ဖွဲ့ဝင်(၃၂)ဦးနှင့် အရန်တပ်ဖွဲ့ဝင်(၄)ဦး၊ ထိန်ချောင်း ကျေးရွာ၊ စာသင်ကျောင်းတွင် အထူးရဲတပ်ဖွဲ့ဝင်(၃၀)ဦး၊ ကံမော်ကျေးရွာ စာသင်ကျောင်းတွင် အထူးရဲတပ်ဖွဲ့ဝင် (၃၂)ဦး၊ တောကာကျေးရွာ၊ စာသင်ကျောင်းတွင် အထူးရဲတပ်ဖွဲ့ဝင်(၃၂)ဦး၊ သဇင်ကျေးရွာ စာသင်ကျောင်းတွင် အထူးရဲတပ်ဖွဲ့ဝင်(၃၇)ဦး၊ စုစုပေါင်း(၁၆၇)ဦးတို့အား သက်ဆိုင်ရာနေရာများအသီးသီး၌ တာဝန်ရှိသူများက သင်တန်းကို ဖွင့်လှစ်ခဲ့ပြီး ယနေ့မှ အောက်တိုဘာလ(၂၈)ရက်နေ့အထိ စာတွေ့ လက်တွေ့၊ စစ်ရေးပြများအား ပို့ချသင်ကြားလျက်ရှိကြောင်း သိရသည်။

စည်သူရအောင်(ကျွန်းစု)