ရန်ကင်း မတ် ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် လူကုန်ကူးမှုတိုက်ဖျက်ရေး၊ လျော့နည်းကျဆင်းရေးဆောင်ရွက်ရာတွင် ကြိုတင်ကာကွယ်တားဆီးနိုင်ရေးသည် လွန်စွာအရေးကြီးသည်ဖြစ်ရာ မျိုးဆက်သစ်လူငယ်လူရွယ်များ သိရှိနားလည်နိုင်စေရန်ရည်ရွယ်၍ လူကုန်ကူးမှုအန္တရာယ်ပူးပေါင်းကာကွယ် အသိပညာပေး Talk Show ကို ယနေ့နံနက် ၉:၃၀ နာရီက ရန်ကင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကင်းမြို့နယ်ရုံးမှ ဦးစီးအရာရှိဒေါ်အိရွှေစင်က လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် သတ်မှတ်ထားသဖြင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်စေရန်နှင့် လူကုန်ကူးခံရမှုပုံစံအမျိုးမျိုးမှ ကင်းဝေးစေရန် အသိပညာပေး ဆွေးနွေးခဲ့သည်။
ဆက်လက်၍ ဦးရဲမင်းစိုး(တရားလွှတ်တော်ရှေ့နေ)၊ စာရေးဆရာမောင်မောက်(ဝတ်လုံ)က လူကုန်ကူးခံရသူများသည် ဆင်းရဲနွမ်းပါးမှု၊ အသိပညာဗဟုသုတနည်းပါးမှု၊ အလုပ်အကိုင်အခွင့်အလမ်းနည်းပါးမှု၊ ဝင်ငွေနည်းပါးမှုစသည့်အကြောင်းများကြောင့် လူကုန်ကူးမှု၏ သားကောင်များဘဝကျရောက်သွားကြရကြောင်းနှင့် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပါ အကြောင်းအရာများ၊ လူကုန်ကူးခြင်းခံရပါက ဆက်သွယ်ဆောင်ရွက်ရမည့် အကြောင်းအရာများ၊ လူမှုကွန်ယက်အသုံးပြု၍ နည်းမျိုးစုံဖြင့် စည်းရုံးနေမှုများအား သတိပြုဆင်ခြင်နိုင်ရေးတို့ကို ရှင်းလင်းပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
အိရွှေစင်(ပြန်/ဆက်)