တံတားဦးမြို့နယ် သူငယ်တော်ကျေးရွာ ရေလည်ပရိယတ္တိစာသင်တိုက်တွင် တည်ထားကိုးကွယ်တော်မူသော ရွှေဘုန်းပွင့်စေတီ စိန်ဖူးတော်နှင့် ရွှေထီးတော်တင် မင်္ဂလာ ကျင်းပ

တံတားဦး မတ် ၁၄

တံတားဦးခရိုင် တံတားဦးမြို့နယ် သူငယ်တော်ကျေးရွာ ရေလည်ပရိယတ္တိစာသင်တိုက်တွင် တည်ထားကိုးကွယ်တော်မူသော ရွှေဘုန်းပွင့်စေတီ အသစ်တစ်ဖန် ပြန်လည်ပြုပြင်၍ စိန်ဖူးတော်နှင့် ရွှေထီးတော်အသစ် တင်မင်္ဂလာပြုလုပ်ခြင်းကို ယနေ့နံနက်(၁၀)နာရီက အဆိုပါကျောင်းတိုက် ဘုရားပုရဝုဏ်အတွင်း၌ ကျင်းပကြောင်း သိရသည်။

အခမ်းအနားတွင် ကြွရောက်တော်မူလာကြသော ဆရာတော်သံဃာတော်များနှင့် တပည့်ဒါယကာ၊ ဒါယိကာမ အပေါင်းတို့က “ နမောတဿ “ သုံးကြိ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး ချောင်းဦးစာသင်တိုက် ဆရာတော်က  သမ္မာဒေဝ နတ်ဗြဟ္မာအား ပင့်ဖိတ်ပေးသည်။ ဆက်လက်၍ သူငယ်တော်ကျေးရွာ ရေလည်ပရိယတ္တိစာသင်တိုက် ဦးစီးပဓာန နာယကဆရာတော် ဘဒ္ဒန္တ ဝိလာသထံမှ စိန်ဖူးတော်နှင့် ရွှေထီးတော် ဒါယကာ ၊ ဒါယိကာများနှင့် တပည့်ဒါယကာ ၊ ဒါယိကာမအပေါင်း ကိုးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်သံဃာတော်များက ပရိတရားတော်များကို ချီးမြှင့်ပေးသနားတော်မူသည် ။ ထို့နောက် ရွှေဘုန်းပွင့်စေတီတော်၌ တင်လှူပူဇော်မည့် စိန်ဖူးတော်ကို ဆရာတော်သံဃာတော်များထံ ဆက်ကပ်ပေးကြပြီး ဆရာတော်မှ အနုမောဓနာ တရားချီးမြှင့်ကာ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်ချအမျှပေးဝေကြသည် ။

ထို့နောက် သူငယ်တော်ကျေးရွာ ရေလည်ပရိယတ္တိစာသင်တိုက် ဆရာတော် ဦးဆောင်ပြီး ဒါယကာ ၊ ဒါယိကာများ ၊ ဥပပသိကာအပေါင်းတို့က ရွှေဘုန်းပွင့်စေတီမြတ်ကြီးအား စိန်ဖူးတော်နှင့် ရွှေထီးတော် ဘုံအဆင့်ဆင့်တို့ကို လက်ယာရစ်ပင့်ဆောင်ဆောင်ပူဇော်ကြီးပြီး မင်္ဂလာအချိန်တွင် ရွှေထီးတော်နှင့် အစရှိသောတန်ဆာများနှင့် စိန်ဖူးတော်ကို တင်လှူပူဇော်ပေးပြီး ရတနာရွှေမိုး ၊ ငွေမိုးများ ရွာသွန်းပေးကြကြောင်း သိရသည်။

ဦးရဲတင့်( ပြန်/ဆက်)