မိုင်းရှူး မတ် ၁၄
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်း၊ ပြည်နယ်ဝန်ကြီးများ၊ "ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူတို့သည် မတ်(၁၂)ရက် နံနက်(၇) နာရီခွဲက မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့ အမှတ်(၁)ရပ်ကွက်ရှိခန်းမ၌ မိုင်းရှူးခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံသည်။
တွေ့ဆုံပွဲတွင် မိုင်းရှူးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမောင်မောင်လွင်(ခရိုင်အုပ်ချုပ်ရေးမှူး)က ဒေသဆိုင်ရာအချက်အလက်များ ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသည့် ဌာနဆိုင်ရာ၊ရပ်မိရပ်ဖ၊ ဒေသခံပြည်သူများမှ ဒေသလိုအပ်ချက်များတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက ပြည်သူများ၏ တင်ပြချက်အပေါ် ပြန်လည်ဖြေရှင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ မိုင်းရှူးခရိုင်၊မြို့နယ်ဝန်ထမ်းများအတွက် ထောက်ပံ့ငွေများကို ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးကပေးအပ်ရာ မိုင်းရှူးခရိုင်စီမံအုပ်ချုပ်ရေးမှူး ဦးမောင်မောင်လွင်မှ လက်ခံရယူပြီး ခန်းမအတွင်း ခင်းကျင်းပြသထားသော MSMEs အသေးစား၊ အလတ်စား၊ အငယ်စား ထုတ်ကုန်လုပ်ငန်းများကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
နိုင်ငံတော်အနေဖြင့် ခရီးသွားလုပ်ငန်းများကို အားပေးဆောင်ရွက်လျက်ရှိရာ ခရီးသွားအရင်းအမြစ်များ ပေါကြွယ်ဝသည့် ရှမ်းပြည်နယ်ကို ခရီးသွားများ ပိုမိုတိုးတက်ဝင်ရောက်လာစေရေးနှင့် အတားအဆီးမဲ့ ခရီးသွားလုပ်ငန်းကို ဖော်ဆောင်နိုင်ရန် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးနှင့်အဖွဲ့သည် မိုင်းရှူးမြို့နယ်ရှိ ဟိုက်ပါရေတံခွန်သို့သွားရောက်၍ မော်တော်စက်လှေဖြင့် ရေတံခွန်နှင့်ကန်အတွင်း လှည့်လည်ကြည့်ရှ စစ်ဆေးခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မိုင်းရှူးမြို့ရှိ ဟံသာမုနိမာရဇိန်ဘုရားကြီးကျောင်းတိုက်သို့ သွားရောက်၍ ပန်း၊ ရေချမ်းဆက်ကပ်လှူဒါန်းပြီး ဆရာတော်ဦးကဝိန္ဒ(မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ)အား ဖူးမျှော်ကြည်ညိုပြီး လှူဖွယ်ဝတ္ထုပစ္စည်းနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများ၊ "ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် မိုင်းရှူးမြို့နယ် ပြည်သူ့ဆေးရုံသို့သွားရောက်၍ ဆေးကုသမှုခံယူနေသော ဒေသခံပြည်သူများအား ထောက်ပံ့ပစ္စည်းများပေးအပ်ပြီး မိုင်းရှူးဆေးရုံရှိဝန်ထမ်းများအတွက် ထောက်ပံ့ငွေများကို ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးကပေးအပ်ရာ ဆေးရုံတာဝန်ရှိသူတစ်ဦးမှ လက်ခံရယူ ကြောင်း သိရသည်။
အလားတူ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မတ်(၁၁)ရက် ညနေပိုင်းတွင် ကွန်ဟိန်းမြို့နယ်၊ ကာလိမြို့ ပြည်သူ့ဆေးရုံသို့ သွားရောက်၍ ဆေးကုသမှုခံယူနေသော ဒေသခံပြည်သူများကို အားပေးစကားပြောကြားကာ ထောက်ပံ့ပစ္စည်းများပေးအပ်ပြီး ဆေးရုံဝန်ထမ်းများအား ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက ထောက်ပံ့ငွေပေးအပ်ရာ ဆေးရုံတာဝန်ရှိသူတစ်ဦးမှ လက်ခံယူကြောင်း သိရသည်။
မောင်မောင်သန်း (တောင်ကြီး)