ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း စစ်တွေမြို့ရေရရှိရေးအတွက် ခေတ်မှီစက်ယန္တရားကြီးများဖြင့် မြေအောက်ရေ တူးဖော်နေမှုအား သွားရောက်ကြည့်ရှုအားပေး

စစ်တွေ မတ် ၁၃

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ ခရီးစဉ်အတွင်း စစ်တွေမြို့ပေါ်ရှိ ပြည်သူများ သုံးရေလုံလောက်စွာ ရရှိနိုင်ရေးအတွက် ဆောင်ရွက်ပေးနိုင်ရန် လမ်းညွှန်မှာကြားမှုအား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ စစ်တွေမြို့ရေရရှိရေးလုပ်ငန်းအဖွဲ့ဝင် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းအမြစ်) (ရုံးချုပ်)မှ ညွှန်ကြားရေးမှူး ဦးသက်နိုင်နှင့်အဖွဲ့မှ ခေတ်မှီစက်ယန္တရားကြီးများဖြင့် မြေအောက်ရေတူးဖော်နေမှုအား ယမန်နေ့နေ့လယ်ပိုင်းက ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည်  ပြည်နယ်အအစိုးရအဖွဲ့ဝင်များနှင့်အတူ သွားရောက်ကြည့်ရှု အားပေးကြသည်။

ထိုသို့သွားရောက်ကြည့်ရှုစဉ် ညွှန်ကြားရေးမှူး ဦးသက်နိုင်က မြေအောက်ရေတူးဖော်ရရှိနေမှုနှင့် ရေတူးဖော်ရေးလုပ်ငန်း အဆင့်ဆင့်ဆောင်ရွက်နေမှုတို့အား ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က ကန်တော်ကြီး ရေစုကန်သို့ ရေထုတ်ယူ ရရှိနိုင်သည်နှင့်တပြိုင်တည်း ရေပိုက်များ သွယ်တန်းကာ ရေဖြည့်တင်းနိုင်ရေး၊ မြို့ပေါ်ရပ်ကွက်များသို့ ရေအမြန်ဆုံးဖြန့်ဝေ ပေးနိုင်ရေး တာဝန်ရှိသူများအား လမ်းညွှန်မှာကြားကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။

အလားတူ ကန်တော်ကြီးရေစုကန် သန့်ရှင်းသပ်ရပ်မှုနှင့်ကြံ့ခိုင်မှုကို ပြန်လည်မြှင့်တင်ဆောင်ရွက်နိုင်ရေး ဆောင်ရွက်သွားကြရန် လိုအပ်သည်ရှိပါက အစိုးရအဖွဲ့တင်ပြကာ ညှိနှိုင်းဆောင်ရွက်ပေးနိုင်ရေး မှာကြားခဲ့သည်။

စစ်တွေမြို့ပေါ်ရှိ ပြည်သူများ သုံးရေလုံလောက်စွာ ရရှိနိုင်ရေးအတွက် ဆောင်ရွက်ပေးနိုင်ရန် ခေတ်မှီစက်ယန္တရားကြီးသည် မတ်လ ၁၀ ရက်နေ့တွင် ရောက်ရှိလာပြီး စစ်တွေမြို့၊ မြောက်ဘက် သင်္ဂနက်ကျေးရွာအနီး ကန်တော်ကြီးနှင့် ပေ ၂၀၀၀ အကွာ၌ နေ့ညမြေအောက်ရေတူးဖော်ခြင်းအား ဆောင်ရွက်လျက်ရှိသည်။

ထို့အတူ ယနေ့နံနက်ပိုင်းတွင် ခေတ်မှီစက်ယန္တရားအသစ်တစ်စီးရောက်ရှိလာပြီး ကန်တော်ကြီးနှင့်ပေ ၁၈၀၀ အကွာ၌ ဆက်လက် တူးဖော်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

တင်ထွန်း(ပြန်/ဆက်)