တောင်တွင်းကြီး စက်တင်ဘာ ၃၀
မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို မြို့နယ်အဆင့်မှ သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာအသီးသီးကလည်း ကဏ္ဍအလိုက် တက်နိုင်သမျှ ပူးပေါင်း ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၆:၃၀)အချိန်က တရုပ်ကောအုပ်စု သဖန်းကုန်းကျေးရွာတွင်လည်း ရောဂါကြိုတင် ကာကွယ်ရေး နှာခေါင်းစည်း (mask) များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မလေးရှားရောက်ကိုရန်လင်းအောင်နှင့် ကိုမျိုးကိုကိုတို့၏ လှူဒါန်းမှုဖြင့် ကျေးရွာ လူငယ်များစုပေါင်း၍ သဖန်းကုန်းကျေးရွာလမ်းထိပ်တွင် ဖြတ်သန်းသွားလာနေသော ပြည်သူများအား နှာခေါင်းစည်း (Mask) (၃၀၀၀) ကို အခမဲ့ဖြန့်ဝေပေးခြင်းနှင့် Hand Gel ဖြင့်လက်ဆေးစေခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ ကူးစက်မှုသည် ပြည်တွင်း ကူးစက်မှုအသွင်ဖြင့် မြန်မြန်ဆန်ဆန် ကူးစက်ပြန့်ပွား လျက်ရှိပြီး ကူးစက်ခံရသူအရေအတွက်မှာလည်း နေ့စဉ်ပိုမိုတိုးပွားလျက်ရှိသည်။ တောင်တွင်းကြီးမြို့နယ်တွင် လည်း ပိုးတွေ့အတည်ပြုလူနာ နှစ်ဦးရှိပြီဖြစ်သည့်အတွက် မိမိတို့ကျေးရွာအတွင်းသို့ ရောဂါကူးစက်မှုမဖြစ်ပေါ် စေရေးအတွက် နေ့စဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။
၀င်းခိုင်(ပြန်/ဆက်)