မန္တလေးတိုင်းဒေသကြီးမှ ဒုတိယအကြိမ် COVID-19 Fund ချေးငွေလျှောက်ထားသူ(၆၄၈)ဦးတွင် ပထမအသုတ်အဖြစ် ချေးငွေရရှိသူ(၈၃)ဦးအား အုပ်စုများခွဲ၍ ချေးငွေရရှိကြောင်း အကြောင်းကြားစာများထုတ်ပေး

မန္တလေး စက်တင်ဘာ ၃၀

မန္တလေးတိုင်းဒေသကြီးမှ ဒုတိယအကြိမ် COVID-19 Fund ချေးငွေလျှောက်ထားသူ(၆၄၈)ဦးတွင် ချေးငွေရရှိသူ(၈၃)ဦးအား အုပ်စုများခွဲ၍ ချေးငွေရရှိကြောင်း အကြောင်းကြားစာ(၈၃)စောင်ကို မန္တလေးတိုင်း ဒေသကြီးကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်း(MRCCI)ရုံးတွင် စက်တင်ဘာ ၂၉ ရက်နှင့် စက်တင်ဘာ ၃၀ ရက်များတွင် အုပ်စုများခွဲ၍ ထုတ်ပေးလျက်ရှိကြောင်း အဆိုပါအသင်းဗဟို အလုပ်အမှုဆောင် ဦးကျော်စိုးနိုင်ထံမှ သိရသည်။

ဒုတိယအကြိမ် COVID-19 Fund ချေးငွေပထမအသုတ်အဖြစ် လုပ်ငန်းပေါင်း (၁၀၄၁) ခုအတွက် ငွေကျပ်(၂၀ ဒသမ ၇၇၇၅) ဘီလီယံထုတ်ယူခွင့်ပြုခဲ့ရာမန္တလေးတိုင်းဒေသကြီး မှ ချေးငွေရရှိသူ(၈၃)ဦး ပါဝင်ခဲ့ကြောင်း သိရပြီး အဆိုပါ ချေးငွေရရှိကြောင်း အကြောင်းကြားစာများကို  မန္တလေးတိုင်းဒေသကြီးကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များအသင်း(MRCCI)ရုံး မှ တာဝန်ရှိသူများက စက်တင်ဘာ ( ၂၈) ရက် က လက်ခံရရှိခဲ့ကြောင်း သိရသည်။

တစ်ရက်လျှင် မနက်ပိုင်း(၂၀)ဦး၊နေ့လယ်ပိုင်း(၂၀)ဦး သတ်မှတ်ပြီး ကိုဗစ်ကာလအတွင်းလူစုလူဝေး ရှောင်ရှားနိုင်ရန်နှင့် ရောဂါပြန့်ပွားမှုကိုထိန်းချုပ်နိုင်ရန် ချေးငွေထုတ်ယူခွင့်ရရှိသော လုပ်ငန်းရှင်များကို အုပ်စုများခွဲကာ အကြောင်းကြားစာများထုတ်ပေးသွားမည်ဖြစ်ကြောင်း၊ လာရောက်ထုတ်ယူမည့် လုပ်ငန်းရှင်များအနေဖြင့် အကြောင်းကြားစာ မထုတ်ယူခင် အသင်းရုံးကို ကြိုတင်ဆက်သွယ် စာရင်းပေးသွင်းရမည်ဖြစ်ကြောင်း၊ သတ်မှတ်ချိန်အတွင်း အချိန်မီ လာရောက်မထုတ်ယူနိုင်ပါက နောက်ရက်မှ ထုတ်ပေးသွားမှာပါဟု အဆိုပါ အသင်း ဗဟိုအလုပ်အမှုဆောင်ဦးကျော်စိုးနိုင် က ပြောကြားသည်။

သန်းဇော်မင်း(ပြန်/ဆက်)