ဟင်္သာတမြို့ ပျံကျဈေးများနှင့် စည်ပင်သာယာရေးအဖွဲ့ပိုင် ဈေးဆိုင်များ စည်းကမ်းချက်များနှင့်အညီဖွင့်လှစ် ရောင်းချခြင်းရှိ/မရှိ လိုက်လံစစ်ဆေး

ဟင်္သာတ  စက်တင်ဘာ ၃၀

ဟင်္သာတမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုအား ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ပျံကျဈေးမှားနှင့် စည်ပင်သာယာရေး နယ်နိမိတ်အတွင်းရှိ စည်ပင်သာယာရေးအဖွဲ့ပိုင်ဈေးကြီးများ၊  လမ်းဘေးဈေးဆိုင်၊ အိမ်ဆိုင်များအား စည်းကမ်းချက်များနှင့် အညီဖွင့်လှစ်ရောင်းချခြင်းနှင့် သတ်မှတ်ထားသည့် အချိန်အကန့်အသတ်ဖြင့် ရောင်းချနေမှု ရှိ/မရှိတို့ကို ယနေ့နံနက်ပိုင်းက မြို့နယ် ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအဖွဲ့များနှင့် စည်ပင်သာ ယာရေးကော်မတီအဖွဲ့များက လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ စစ်ဆေးရာတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးမြင့်သိန်းဦးနှင့် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအဖွဲ့များ၊ စည်ပင်သာ ယာရေးကော်မတီ အဖွဲ့များပါဝင်သော ပူးပေါင်းအဖွဲ့က ဈေးကြီးများတွင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနကထုတ်ပြန်ထားသည့် စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ထားရှိမှုနှင့် အခြေခံစားသောက်ကုန် ပစ္စည်းများနှင့် ဆေးဝါးရောင်းချသည့် ဆိုင်များအား နေ့စဉ်နံနက်(၆)နာရီမှ နေ့လည်(၂)နာရီအထိ ရောင်းချမှု၊ ကျန်ရှိသည့်ဆိုင်များကို ယာယီ ပိတ်သိမ်းထားမှု၊  လမ်းဘေးဈေးဆိုင်၊ အိမ်ဆိုင် များဖြစ်သည့် ဆံပင်ညှပ်ဆိုင်၊ အလှပြင်ဆိုင်၊ ကုန်ခြောက် ဆိုင်များ၊ အိမ်ဆောက်ပစ္စည်း အရောင်းဆိုင်များ၊ ပုဂ္ဂလိက အိမ်ဆိုင်များ၊ ဌာနဆိုင်ရာ သက်သာဈေးဆိုင်ခန်းများ၊ ဘုရားဈေး ဆိုင်ခန်းများအား နေ့စဉ် နံနက် (၆) နာရီမှ နေ့လယ် (၂) နာရီအထိ ရောင်းချခြင်း ရှိ/မရှိတို့ကို  လိုက်လံစစ်ဆေး ခဲ့ခြင်းဖြစ်‌ ကြောင်းသိရသည်။

ကျော်ကျော်(ပြန်/ဆက်)