ပွင့်ဖြူ စက်တင်ဘာ ၃၀
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့နယ်အတွင်း ကိုဗစ် - ၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရန်နှင့် ယာယီပျံကျဈေးများရှိ ဈေးရောင်းဈေးဝယ်သူများ ကြိုတင်ကာကွယ်နိုင်ရေးအတွက် လိုက်နာရန်စည်းကမ်း ချက်များအား အသိပေးနှိုးဆော်ခြင်းကို စက်တင်ဘာ ၃၀ ရက် ၊ ယနေ့ နံနက်ပိုင်းက ဝန်ထမ်းများအဖွဲ့က ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဒေါ်ဆွေဆွေဝင်း ၏ ဦးဆောင် ကြီးကြပ်မှုဖြင့် ဝန်ထမ်းများအဖွဲ့က အဖွဲ့ခွဲပြီး ပွင့်ဖြူမြို့၊ ပြည်သူ့အားကစားကွင်းရှိ ယာယီပျံကျဈေးနှင့် ကုန်းဇောင်း ကျေးရွာ ယာယီပျံကျဈေးသို့ သွားရောက်၍ မြို့နယ်အတွင်း ကိုဗစ် - ၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ဈေးရောင်း ဈေးဝယ်သူများအနေဖြင့် လူစုလူဝေး မဖြစ်စေရေး (၆)ပေအကွာ စီစဉ်သတ်မှတ်ပေးထားသောနေရာတွင်သာ စနစ်တကျ ဈေးရောင်းချရန် ၊ စားသောက်ကုန်ပစ္စည်းများ ရောင်းချရာတွင် နှာခေါင်းစည်း ၊ လက်အိတ်နှင့် Face Sheild (မျက်နှာဖုံးအကာ)များ တပ်ဆင်၍ ရောင်းချရန် ၊ ဈေးရောင်းချပြီးပါက ဈေးဆိုင်ခန်းဝန်းကျင် သန့်ရှင်းရေးမပြတ် ဆောင်ရွက် သွားရန် ၊ ဈေးအတွင်းမဝင်မီ လက်ဆေးဘေစင်တွင် စနစ်တကျ လက်ဆေးပြီးမှ ဈေးအတွင်းသို့ ဝင်ရောက်ရန် ၊ လတ်တလော နှာချေချောင်းဆိုး ဖျားနာသူများ ဈေးအတွင်းဝင်ရောက်ခြင်းမပြုရန်နှင့်ချမှတ်ထားသော စည်းကမ်း ချက်များအား လိုက်နာရန် ပျက်ကွက်ပါက ထိရောက်စွာ အရေးယူးဆောင်ရွက်မည့် အခြေအနေများကို Handspeaker ဖြင့် လိုက်လံသတိပေးနှိုးဆော်ခဲ့ကြောင်း ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေဝင်းထံက သိရသည်။
ရဲဝင်းနိုင် ( ညောင်ဦး )