မိုင်းယောင်း စက်တင်ဘာ ၃၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုများနှင့်အတူ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီဝင်း ဦးဆောင်သော မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီက ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ ဖြစ်ပေါ်လာသည့် အခြေ အနေများနှင့်အညီ စနစ်တကျ ဝိုင်းဝန်း တုံပြန်ဆောင်ရွက်နေလျက်ရှိရာ ယနေ့အထိ ကိုဗစ်-၁၉ ရောဂါ ကူးစက် ခံရသူ အတည်ပြုလူနာ မရှိသေးကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
ကပ်ရောဂါအမျိုးမျိုးမှ လွတ်မြောက်ရန် ရည်ရွယ်၍ မြို့နယ်အတွင်း အန္တရာယ်ကင်းပရိတ်တရားတော်များ လှည့်လည် ရွတ်ဖတ်ပူဇော်ခြင်းကို ဟိုခုံပရိယတ္တိစာသင်တိုက်ဆရာတော်နှင့် ထေရဝါဒ ဗုဒ္ဓသာသနာပြု (ဗဟို) ကျောင်း တိုက် ဆရာတော် ဦးဆောင်သော ဆရာတော်၊ သံဃာတော်တို့က နှစ်ကြိမ်တိုင်တိုင် ပြုလုပ် ဆောင်ရွက် ခဲ့သည်။
ကိုဗစ်-၁၉ ကူးစက်ရောဂါ မဖြစ်ပွားစေရေးအတွက် အရေးကြီးနေရာဌာနများ၊ အများပြည်သူနေရာဌာနများတွင် ပိုးသတ်ဆေးဖျန်းခြင်း၊ Physical Distance ထားရှိခြင်း၊ အသိပညာဖြန့်ဝေခြင်း၊ လိုအပ်သည့်စည်းမျဉ်းများ ထုတ်ပြန်ခြင်း စသည်တို့ကို ရပ်ကွက်၊ ကျေးရွာနေပြည်သူများ အဆင့်အထိ ကျယ်ကျယ်ပြန့်ပြန့် သိရှိ လိုက်နာ ဆောင်ရွက်နိုင်ရေး မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမင်းသိန်းနှင့် တာဝန် ရှိသူတို့က ကြီးကြပ်ဆောင်ရွက်လျက်ရှိသည်။
ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် မြို့နယ်ကျန်းမာရေးမှူး ဦးမြတ်စိုးအောင်နှင့် ကျန်းမာရေး ဝန်ထမ်းများ၊ ရပ်/ကျေးစာရေးများ၊ ပြန်/ဆက်၊ ရဲတပ်ဖွဲ့၊ မီးသတ်နှင့် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များက ပညာပေး ဟောပြောခြင်း၊ အသိပညာပေးဆိုင်ရာ နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲများ ခင်းကျင်းပြသခြင်း၊ လက်ကမ်းစာစောင်ဖြန့်ဝေခြင်း၊ ဗီးနိုင်းပိုစတာများ ကပ်ခြင်း၊ ချိတ်ဆွဲခြင်းများကို ရပ်ကွက်၊ ကျေးရွာများတွင်လည်း အောက်ခြေအဆင့်အထိ သိရှိနိုင်စေရေးအတွက် Hand Speaker များဖြင့် လှည့်လည်ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။
ထို့ပြင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအနေဖြင့် ကျန်းမာကြံ့ခိုင်မှု မဆုံးရှုံးစေရေးအတွက် အဟာရရှိသည့် ငါးများ စသည့်အစားအစာများ ပေါပေါများများဖြင့် ဗီတာမင်ဓာတ်ပြည့်ဝအောင် စားသုံးသင့်သည်များကိုလည်း ပညာ ပေးခြင်း၊ လူမှုကွန်ရက်မှ ကြော်ငြာခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့သည်။
ကိုဗစ်-၁၉ ရောဂါသည် အများပြည်သူတို့၏ လူမှုရေး၊ စီးပွားရေးတို့ကို ထိခိုက်စေသည့်အပြင် လူ့အသက် သေဆုံး သည်အထိ ကျန်းမာရေးကို ထိခိုက်စေနိုင်သဖြင့် မိုင်းယောင်းမြို့နယ်အတွင်း Coronavirus Disease 2019(COVID-19)ရောဂါ ကာကွယ်ကုသရေးလုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် ဒေသန္တရအမိန့်၊ Mask ကို တပ်ဆင်ရန်၊ လက်ကို စနစ်တကျဆေးရန်၊ Social Distancing ကို တိတိကျကျလိုက်နာရန်များကို ရပ်ကွက် /ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးများက သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာများအလိုက် အသိပေးလျက်ရှိသည်။
အလားတူ ကျန်းမာရေးဝန်ထမ်းများက AMBULANCE ကားဖြင့်လည်းကောင်း၊ ကြက်ခြေနီ သူနာပြု တပ်ဖွဲ့ဝင် များကလည်း မော်တော်ယာဉ် နှစ်စီးဖြင့်လည်းကောင်း ရှမ်း၊ အာခါ၊ လားဟူ စသည့် ဒေသ တိုင်းရင်းသား ဘာသာစကားများဖြင့် နေ့စဉ် နံနက်တစ်ကြိမ်၊ ညနေတစ်ကြိမ် လိုက်လံအသိပေးလျက်ရှိသည်။
လက်ဖက်ရည်ဆိုင်နှင့် စားသောက်ဆိုင်များ၌ ဆိုင်ထိုင်စားသောက်ခြင်းမှ ရောဂါကူးစက်ခံရမှု မရှိစေရေးအတွက် စီမံကိန်းဦးစီးရုံးမှ မြို့နယ်ဦးစီးမှူး ဒေါ်နန်းဆေးယျ ဦးဆောင်သော ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာ ဟန်စိုး၊ စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးအားထူယာ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယ ဦးစီးမှူး ဦးသက်ခိုင်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါက်တာမျိုးမြင့်ကျော်၊ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် ရပ်/ကျေးစာရေးတို့ပါဝင်သည့် နေ့လည်ပိုင်း ဖွင့်လှစ်ရောင်းချသည့် ဈေးဆိုင်များ စစ်ဆေးရေးအဖွဲ့က မြို့နယ်အတွင်း ဖွင့်လှစ်ရောင်းချလျက်ရှိသော စားသောက်ဆိုင်နှင့် လက်ဖက် ရည်ဆိုင်များအား Take away (ပါဆယ်)စနစ်ဖြင့်သာ ရောင်းချသွားရန်နှင့် ရောင်းချရာတွင်လည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော COVID-19 ကာကွယ်တားဆီးရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ တိကျစွာ လိုက်နာဆောင်ရွက်စေရေးအတွက် စစ်ဆေးကြပ်မတ်လျက်ရှိသည်။
မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီမှ ဦးဆောင်၍ နှာခေါင်းစည်းတပ်ဆင်ရေး ဆော်ဩပညာပေး စစ်ဆေးမှု ကြီးကြပ်ရေးအဖွဲ့နှင့် သက်ဆိုင်ရာတာဝန်ရှိသူများက နေအိမ်ပြင်ပသို့ ထွက်၍ သွားလာမည့်သူများအနေဖြင့် နှာခေါင်းစည်းတပ်ဆင်ပြီး သွားလာကြရန် အသိပေးနှိုးဆော်မှုများကို စဉ်ဆက် မပြတ် ပြုလုပ်ဆောင်ရွက်လျက်ရှိသည်။
ကြက်ခြေနီစေတနာ့ဝန်ထမ်းများနှင့်အတူ မိခင်ကလေး၊ အမျိုးသမီးရေးရာနှင့် မျိုးဆက်သစ်ရောင်နီ ပရဟိတ လူမှုကူညီရေးအသင်း၊ မိုင်းယောင်းလူငယ်ဘုံဆွမ်းလောင်းအသင်း စသည့် မြို့နယ်အတွင်းရှိ လူမှုရေး အသင်း အဖွဲ့များမှ စေတနာ့ဝန်ထမ်းများသည်လည်း ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် တစ်တပ်တစ်အား ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြသည်။
မြို့အဝင် မုန်းလိုက်တံတားရှိ ကိုဗစ်-၁၉ ကာကွယ်ရေး ကျန်းမာရေးစစ်ဆေးဂိတ်တွင် တွေ့သမျှ လူတွေထဲက ကာကွယ်ရေးစည်းကြောင်း ကျိုးပေါက်သူ မည်သူမဆို ဝင်ရောက်ထိုးဖောက်မွေနောက်ရန် ကျန်းမာရေး၊ ထွေ/အုပ်၊ ရဲတပ်ဖွဲ့၊ မီးသတ်နှင့် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ် ရေးမှူးများ ပါဝင်သည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေး စနစ်တကျ ဆောင်ရွက်နိုင်ရေးအဖွဲ့က ခြေကုတ်ယူထားပြီး ပြည်သူများ ဘေးကင်းလုံခြုံအောင် နေ့စဉ် စစ်ဆေးဆောင်ရွက်နေလျက်ရှိကြောင်း မိုင်းယောင်း မြို့နယ်၏ ကိုဗစ်-၁၉ ကာကွယ်ရေးစည်းကြောင်းများ အကျိုးပေါက်မခံသူများ (သို့မဟုတ်) ကိုဗစ်-၁၉ ရောဂါနှင့် ရှေ့တန်းစစ်မျက်နှာတွင် တိုက်ပွဲဝင်နေသူများအား ဂုဏ်ပြုရေးသားလိုက်ရပါသည်။ ။
စိုင်းအောင်ဇော်လင်း