မကွေးတိုင်းဒေသကြီးသရက်မြို့၌ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် မြေနီလမ်းခင်းခြင်း လုပ်ငန်းအား မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ကွင်းဆင်း စစ်ဆေး

သရက် စက်တင်ဘာ ၃၀

မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ဆောင်ရွက်လျက် ရှိ သည့် သရက် - မင်းတုန်းလမ်းနှင့် မြို့ပတ်လမ်းတို့ကို ဆက်သွယ်ပေးမည့် ကိုးပင် အုပ်စု၊ အောင်သစ္စာ လမ်းတွင် မြေနီလမ်းခင်းခြင်းလုပ်ငန်းအား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးကျော်ကျော်၊ မြို့နယ် ကျေးလက်လမ်းအင်ဂျင်နီယာ ဦးကိုကိုမင်းနှင့် ကျေးရွာ အုပ်ချုပ်ရေးမှူးတို့ ပါဝင်သောအဖွဲ့က ယမန်နေ့ နံနက်(၁၀) နာရီ က ကွင်းဆင်း စစ်ဆေးခဲ့သည်။

အဆိုပါ မြေနီလမ်းခင်းခြင်းလုပ်ငန်းသည် လမ်းပိုင်းအရှည်(၁၂၀၀)ပေအား ဒေသဖွံ့ ဖြိုးရေး ရန်ပုံငွေကျပ် (၄၄) သိန်းဖြင့်ဆောင်ရွက်နေခြင်းဖြစ်ပြီး မြို့နယ်အုပ်ချုပ်ရေး မှူးက လမ်းခင်းခြင်း လုပ်ငန်းတွင်လိုအပ်သောလမ်းအကျယ်ရရှိရေးနှင့် သတ်မှတ်စံချိန် စံညွှန်းများပြည့်မီစေရေးတို့အား စနစ်တကျ အလေးထား ဆောင်ရွက်ကြရန်မှာကြား၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။ 

မြေနီလမ်းခင်းခြင်း လုပ်ငန်းပြီးစီးသွားပါက ကိုးပင်အုပ်စုအတွင်းရှိကျေးရွာများမှ သရက်မြို့ တွင်းသို့ ကုန်သွယ်သွားလာနေသူပြည်သူများအတွက် လမ်းပန်း ဆက်သွယ် ရေး တွင်ပိုမိုလွယ်ကူ အဆင်ပြေ၍ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ကောင်းမွန်လာစေ မည့် လမ်းပိုင်းတစ်ခုဖြစ်ကြောင်း သိရသည်။

ဇော်ဝမ်းထွန်း(အောင်လံ)