မြို့သစ် မတ် ၂
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက် ၁၀နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးကျော်ဝင်ထက်က မြို့နယ်အတွင်းရှိ တက်ရောက်လာသည့် အသင်းအဖွဲ့များအနေဖြင့် မှတ်ပုံတင် ဆောင်ရွက်ထားရှိရန်၊ သက်တမ်းတိုးရမည့် အသင်းအဖွဲ့များမှ သက်တမ်းတိုးဆောင်ရွက်ရန်၊ အသင်းအဖွဲ့၏ ငွေစာရင်းရှင်းတမ်းနှင့် နှစ်ပတ်လည် အစီရင်ခံစာများ ပေးပို့ရန်လိုကြောင်း၊ မှတ်ပုံတင်ဆောင်ရွက်ခြင်းမရှိသည့် အသင်းအဖွဲ့များအား ပယ်ဖျက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ အသင်းအဖွဲ့တွင်ရှိသည့် မော်တော်ယာဉ်အရေအတွက် အတိအကျပေးပို့ရန် လိုကြောင်း၊ အသင်းအဖွဲ့၏ မှတ်ပုံတင်များတွင် အက္ခရာစဉ်များ သတ်မှတ်ထားရှိမည် ဖြစ်ကြောင်းနှင့် အသင်းအဖွဲ့အမည်ခံပြီး အကြမ်းဖက်လုပ်ငန်းများတွင် ပါဝင်ကူညီဆောင်ရွက်ခြင်း မပြုရန် အထူးလိုအပ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ဒုတိယမြို့နယ် ဉပဒေအရာရှိ ဦးစိုးမင်းသူက၂၀၂၂ခုနှစ်၊ အောက်တိုဘာလတွင် ပြဌာန်းသည့် အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာ ဉပဒေတွင် ပါရှိသည့် ပြစ်မှုပြစ်ဒဏ်များ၊ ဒုတိယမြို့နယ်ရဲတပ်ဖွဲ့မှူး မျိုးစည်သူက အသင်းအဖွဲ့မှတ်ပုံတင်ထားသည့် ယာဉ်များတွင် စတစ်ကာ အမည်းများတပ်ဆင်ခြင်းမပြုရန်၊ ယာဉ်မောင်းသူများအနေဖြင့် ယာဉ်မောင်း လိုင်စင်ရှိရန်နှင့် ယာဉ်မောင်းသူများအနေဖြင့် ယာဉ်စည်းကမ်း လမ်းစည်းကမ်း လိုက်နာပြီး ဆောင်ရွက်ကြရန်လိုကြောင်း ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာ အစည်းအဝေးသို့ တက်ရောက်လာသည့် အသင်းအဖွဲ့ ဉက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့် အဖွဲ့ဝင်များက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ဝင်းအိဇွန် (ပြန်/ဆက်)