ဗိုလ်တထောင် မတ် ၂
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု Community Center ခန်းမတွင် ယနေ့နံနက် ၀၉း၀၀ နာရီအချိန်က (၆၁) မြောက်တောင်သူလယ်သမားနေ့ အထိမ်းအမှတ်အဖြစ် တောင်သူလယ်သမားနေ့အကြောင်း သိကောင်းစရာ Talk Show ဆွေးနွေးပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ Talk Show ဆောင်ရွက်မှုတွင် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေါ်မြတ်မြတ်စိန် (ရုပ်သံကျွမ်းကျင်-၃)က တောင်သူလယ်သမားနေ့အကြောင်းနှင့် တောင်သူ လယ်သမားတို့၏ အရေးပါသောအခန်းဏ္ဍကို ပြည်သူများဗဟုသုတ ရရှိစေရန်အတွက် ရှင်းလင်းဆွေးနွေးပေးပါရန် ပြောကြားခဲ့ပြီး စာရေးဆရာ မင်းတလွန်းက ကိုလိုနီခေတ် ကမ္ဘာ့စီးပွားပျက်ကပ် ဖြစ်ပွားသောအခါတွင် မြန်မာလယ်သမား အများစု လယ်ယာမဲ့ ဘဝသို့ရောက်ရှိ သွားရာမှ ၁၉၃၀ပြည့်နှစ် ဒီဇင်ဘာလ ၂၂ရက်နေ့တွင် ဆရာစံဦးဆောင်သည့် တောင်သူလယ်သမား အရေးတော်ပုံကြီး ပေါ်ပေါက်လာပုံသမိုင်း၊ တောင်သူလယ်သမားနေ့ကို ၁၉၆၃နှစ် ကစ၍ နှစ်စဉ် ဇန်နဝါရီလ ၁ ရက်နေ့တွင် ပြုလုပ်ကြသော်လည်း ၁၉၆၅ခုနှစ်တွင် မတ်လ ၂ ရက်နေ့အဖြစ် ပြောင်းလဲသတ်မှတ်ခဲ့ကြကြောင်း၊ မြန်မာနိုင်ငံသည် လယ်ယာ စိုက်ပျိုးရေးနိုင်ငံအဖြစ် ပုဂံခေတ်မတိုင်မှီကပင် နှစ်ပေါင်းထောင်ချီကြာ ရပ်တည်လာခဲ့ကြောင်း၊ မြန်မာနိုင်ငံသားအများစုမှာ လယ်ယာကဏ္ဍကို အမှီပြု၍ အသက်မွေး ဝမ်းကျောင်း လုပ်ကိုင်နေရသူများ ဖြစ်ကြောင်းစသည့် ဗဟုသုတရဖွယ် အချက်များစွာကို ပြန်လည်ရှင်းလင်း ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
ထိုသို့ အသိပညာပေး Talk Show များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဗိုလ်တထောင်မြို့နယ်ရုံးမှ ပြည်သူ့အကျိုးပြုလုပ်ငန်းအဖြစ် Online မှတစ်ဆင့် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
မေနှင်း