မီးသတ်တပ်ဖွဲ့အနေဖြင့် ပြည်သူတို့၏အသက်အိုးအိမ်ပစ္စည်းများကို ကာကွယ်စောင့်ရှောက်ရန် အမြဲအသင့်ရှိဖို့လို

ဘားအံ မတ် ၁

မီးသတ်ဦးစီးဌာနသည် ပြည်သူလူထု၏ အသက်အိုးအိမ်ပစ္စည်းများ၊ ကုန်ထုတ်အရင်းအနှီးများကို မီးဘေး အန္တရာယ်မှ တားဆီးကာကွယ်နိုင်ရေးနှင့် သဘာဝဘေးအန္တရာယ်အပါအဝင် အခြားသောဘေးဒုက္ခများကျရောက်လာ ပါကအရေးပေါ်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို တာဝန်ယူဆောင်ရွက်ပေးလျက်ရှိရာ ယခုအခါပူပြင်းခြောက်သွေ့၍ မီးလောင်လွယ်သည့် ရာသီဥတုသို့ရောက်ရှိလာပြီဖြစ်သည့်အတွက် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် မတ်လ ၁ ရက်နေ့ နံနက် ၈ နာရီခန့်က ပြည်နယ်မီးသတ်ဦးစီးမှူးရုံး၌ ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ နယ်မြေ မီးသတ်စခန်းမှူးများနှင့်တွေ့ဆုံ၍ မီးဘေးကြိုတင်ကာကွယ်ရေး ဆောင်ရွက်ချက်များကို တွေ့ဆုံဆွေးနွေးသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က နွေရာသီသည် မီးဘေးအန္တရာယ်ကို စိုးရိမ်ရသည့်ကာလဖြစ်သည့် အတွက် မီးသတ်တပ်ဖွဲ့အနေဖြင့် အရေးကြီးသည့်ကာလဖြစ်ကြောင်း၊ မီးဘေးကြိုတင်ကာကွယ်ရေး ပြင်ဆင်ဆောင်ရွက်ထားမှု၊ တပ်ဖွဲ့ဝင်များတာဝန်ချထားပေးမှုနှင့် ယာဉ်ယန္တရားစက်ပစ္စည်းများ အခြေအနေကို သိရှိလိုသည့်အတွက် ယခုကဲ့သို့ လာရောက်တွေ့ဆုံခြင်းဖြစ်ကြောင်း၊ မီးသတ်တပ်ဖွဲ့သည် တစ်နည်းအားဖြင့် တပ်မတော်၏အရန်အင်အားဖြစ်ပြီး မီးဘေးကာကွယ်ရေးတစ်ခုတည်းမဟုတ်ဘဲ လိုအပ်ပါက လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ လူမှုကယ်ဆယ်ရေး၊ မြို့ရွာ သန့်ရှင်းသာယာလှပရေး၊ ကျန်းမာရေး အစရှိသည့်ကိစ္စရပ်များတွင်လည်း သက်ဆိုင်ရာဌာန၊ မိတ်ဖက်အဖွဲ့အစည်းများ နှင့်ပူးပေါင်း၍ အမိန့်နှင့်တာဝန်ကိုကျေပွန်စွာ ထမ်းဆောင်ကြစေလိုကြောင်း၊ တာဝန်ထမ်းဆောင်ရာတွင် လိုအပ်သည်များ၊ အခက်အခဲများကို ရင်းနှီးပွင့်လင်းစွာ တင်ပြဆွေးနွေးပေးကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ကရင်ပြည်နယ်မီးသတ်ဦးစီးမှူးရုံး ညွှန်ကြားရေးမှူးရုံး ဦးတင်မောင်နီက နှစ်အလိုက် ပြည်နယ် အတွင်းမီးလောင်မှုဖြစ်ပွားသည့်အကြိမ်အရေအတွက်၊ ရှာဖွေကယ်ဆယ်ရေး ဆောင်ရွက်မှု နှိုင်းယှဉ်ချက်၊ မြို့နယ် အလိုက်အရန်မီးသတ်တပ်ဖွဲ့ဝင်အင်အား၊ ရှာဖွေကယ်ဆယ်ရေး အဖွဲ့ ဖွဲ့စည်းထားရှိမှု၊ ပြည်နယ်အတွင်းမီးသတ်ယာဉ် များအရေအတွက်နှင့်ဖြန့်ခွဲထားရှိမှု၊ ပြည်နယ် အတွင်း မီးသတ်စခန်းများဖွင့်လှစ်ထားရှိမှုအခြေအနေများကို ရှင်းလင်း တင်ပြပြီး ခရိုင်၊ မြို့နယ်၊ နယ်မြေမီးသတ်စခန်းမှူးများက တာဝန်ထမ်းဆောင်ရာတွင် ကြုံတွေ့ရသည့်အခြေအနေများကို ဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးမျိုးမင်းနောင်နှင့် တာဝန်ရှိ သူများသည် ပြည်နယ်မီးသတ်ဦးစီးမှူးရုံး တိုးချဲ့တည်ဆောက်မည့်မြေနေရာ၊ မီးငြှိမ်းသတ်ရေးပစ္စည်းများနှင့် ရှာဖွေ ကယ်ဆယ်ရေးသုံးပစ္စည်းများ၊ မီးငြိမ်းသတ်ယာဉ်နှင့် ရေသယ်ယာဉ်များအား ကြည့်ရှုစစ်ဆေးခဲ့ပြီး မီးသတ်တပ်ဖွဲ့ဝင် များအတွက် ငွေကျပ် (၅)သိန်းကို ထောက်ပံ့ပေးအပ်ခဲ့သည်။

ဆက်လက်၍ ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပမည့် တပေါင်းပွဲတော်ဖြစ်မြောက်ရေးနှင့် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ဒုတိယအကြိမ်လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို မတ်လ ၁ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်က ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပရာ တပေါင်းပွဲတော်ကျင်းပရေးစီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ  ပြည်နယ်ဝန်ကြီးချုပ်က တပေါင်းပွဲတော် အနေဖြင့် မတ်လ ၄ ရက်နေ့ နှင့် ၅ ရက်နေ့တို့ တွင် တရား တော်နာဆွမ်းဆက်ကပ်လှူဒါန်းပွဲနှင့် စတုဒိသာကျွေးမွေးဧည့်ခံပွဲ၊ ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲ၊ သစ်သီးဆွမ်းနှင့် မသိုးသင်္ကန်းကပ်လှူဒါန်းပွဲ၊ တပေါင်းပွဲတော်အသံမစဲပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ၊ ဇာတ်သဘင် အကအလှများဖြင့် ညလုံးပေါက်ဧည့်ခံဖျော်ဖြေပွဲ၊ မီးပုံးပျံလွှတ်တင်ပွဲများကို စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်သည့်အတွက် သက်ဆိုင်ရာအထောက်အကူပြုလုပ်ငန်းကော်မတီအလိုက် ကြိုတင်စီမံထားမှုအခြေအနေနှင့် လိုအပ်သည်များကို ဝိုင်းဝန်းအကြံပြုဆွေးနွေးပေးကြစေ လိုကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်အစိုးရအဖွဲ့ဝင်များက သက်ဆိုင်ရာဝန်ကြီးဌာနအလိုက် တပေါင်းပွဲတော်ဖြစ်မြောက်ရေး စီစဉ်ဆောင်ရွက်ထားမှုအခြေအနေများကို ရှင်းလင်းဆွေးနွေးပြီး အထောက်အကူပြုလုပ်ငန်းကော်မတီ အတွင်းရေးမှူးများက ကော်မတီအလိုက် ကြိုတင်စီမံဆောင်ရွက်ထားမှုအခြေအနေများကို ရှင်းလင်းတင်ပြကာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များလမ်းညွှန်မှာကြား၍ ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)