ထားဝယ် မတ် ၁
၁၃၈၄ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် ထားဝယ်မြို့၊ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် မဟာသင်္ကြန်ပွဲတော်ကျင်းပရေး ဦးစီးကော်မတီဥက္ကဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကိုက ယခုနှစ် မဟာသင်္ကြန်ပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက်ပြုလုပ်သည့်အစည်းအဝေး ဖြစ်ကြောင်း၊ လုပ်ငန်းကော်မတီအလိုက် ဆောင်ရွက်မည့်အစီအမံများကို အသေးစိတ် တင်ပြပေးကြရန် လိုအပ်ကြောင်း၊ မဟာသင်္ကြန်ပွဲတော်ကာလအတွင်း အများပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းပြီး ပျော်ရွှင်ချမ်းမြေ့ စိတ်လက်ပေါ့ပါးစွာဖြင့်ဖြတ်ကျော်ရန်လိုအပ်ကြောင်း၊ တက်ရောက်လာသူများ အနေဖြင့် အများပြည်သူစိတ် အပန်းဖြေနိုင်စေရန်နှင့် စည်ကားသိုက်မြိုက်စွာဖြင့် အောင်အောင်မြင်မြင်ကျင်းပနိုင်ရေးအတွက် စုပေါင်းဆောင်ရွက်ပေးကြရန်နှင့် လုံခြုံရေး လစ်ဟင်းမှုမရှိစေရေး အလေးထားဆောင်ရွက်ကြရန် လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် ကော်မတီဝင်များက မဏ္ဍပ်ဆောက်လုပ်ရေးနှင့် အခမ်းအနားပြင်ဆင်ရေးဘဏ္ဍာငွေ ရှာဖွေရေး၊ ဗဟိုသင်္ကြန်မဏ္ဍပ်ဖွင့်ပွဲ/ပိတ်ပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပရေး၊ ဖျော်ဖြေရေး၊ ဧည့်ခံကျွေးမွေးရေး၊ သယ်ယူပို့ဆောင်ရေး၊ ကြိုဆိုနေရာချထားရေး၊ ရေကစားရေး၊ သင်္ကြန်ယိမ်းအကစိစစ်အကဲဖြတ်ရေးနှင့် ဆုချီးမြှင့်ရေး၊ ဖိတ်ကြားရေး၊ ပြန်ကြားရေးနှင့် သတင်းထုတ်ပြန်ရေး၊ ကျန်းမာရေး၊ လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေး၊ ဇီဝိတဒါနငါးလွှတ်ပွဲကျင်းပရေး ၊ ဘိုးဘွားသက်ကြီး ပူဇော်ပွဲကျင်းပရေး၊ အန္တရာယ် ကင်းပရိတ် တရားတော် ရွတ်ဖတ်ပွဲကျင်းပရေးလုပ်ငန်းများအလိုက် ရှင်းလင်းဆွေးနွေးတင်ပြရာ ဆွေးနွေးတင်ပြချက်များအပေါ်တွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသတင်းရရှိသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)