တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို  ကမြောကင်းတံတားသစ်တည်ဆောက်ရေး စီမံကိန်းအား ကြည့်ရှုစစ်ဆေး

ထားဝယ်      မတ် ၁

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုနှင့် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် ထားဝယ်မြို့၊ ထားဝယ်-ကမြောကင်း-လောင်းလုံးလမ်းပေါ်ရှိ ကမြောကင်းတံတားသစ် တည်ဆောက်ရေးစီမံကိန်းအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။

ရှေးဦးစွာထားဝယ်ခရိုင်လမ်းဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူးဦးလှမျိုးအောင်က ကမြောကင်းတံတားသစ် တည်ဆောက်နေမှုနှင့်ပြီးစီးနေမှုအခြေအနေ၊ ဘဏ္ဍာရေးနှစ်အလိုက် ဆောင်ရွက်ထားရှိမှုအခြေအနေ၊ ချဉ်းကပ်လမ်း ဆောင်ရွက်နေမှုအခြေအနေများအား ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ရှင်းလင်းတင်ပြမှုအပေါ်တွင် တံတားသစ်ရေရှည်ကောင်းမွန်စေရေး စနစ်တကျဆောင်ရွက်ရန်လိုအပ်ကြောင်း၊ တံတားသစ်အချိန်မီပြီးစီးရေးသတ်မှတ်ချက်များနှင့်အညီ ကြပ်မတ်ဆောင်ရွက်ရန်လိုအပ်ကြောင်း၊  တံတားသစ်ရေရှည်ခိုင်ခံမှုရှိစေရေးအတွက် သတ်မှတ်စံနှုန်း များနှင့်အညီ စနစ်တကျဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ကျေးလက်နေပြည်သူများ သွားလာမှု အဆင်ပြေစေရေးအတွက် လမ်းများ ကောင်းမွန်ရန်လိုအပ်ကြောင်းနှင့် တံတားသစ်အား (၇၈) နှစ်မြောက် တပ်မတော်နေ့မတိုင်မီ ဖွင့်လှစ်နိုင်ရေးကြိုးစား ဆောင်ရွက်ရန်မှာကြားခဲ့ကြောင်းသိရသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ကမြောကင်းတံတားသစ်တည်ဆောက်နေမှုလုပ်ငန်းခွင်အတွင်း ဖြတ်သန်း ကြည့်ရှုစစ်ဆေးပြီးလိုအပ်သည်များကို တာဝန်ရှိသူများထံ ဖြည့်စွက်မှာကြားသည်။

အဆိုပါ ကမြောကင်းတံတားသည် ထားဝယ်-ကမြောကင်း-လောင်းလုံးလမ်းပေါ်တွင် တည်ရှိပြီး ထားဝယ်မြစ်ကို ဖြတ်သန်း တည်ဆောက်နေခြင်းဖြစ်ကာ တံတားအရှည် ပေ ၁၀၅၀ ရှိကြောင်း၊ သံကူကွန်ကရစ်တံတား အမျိုးအစားဖြစ်ကာ ယာဉ်သွားလမ်းအကျယ် ၂၄ ပေ၊ လူသွားလမ်းအကျယ် ငါးပေ၊ရေလမ်းကင်းလွတ်အကျယ် ၁၆၄ ပေ၊ အမြင့် ၁၆ ရှိမည်ဖြစ်ကြောင်းနှင့် တည်ဆောက်ရေးစီမံကိန်းအား ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီ ၁၆ ရက်တွင် စတင်ခဲ့ခြင်းဖြစ်ပြီး ၂၀၂၃ ခုနှစ် မတ်လအတွင်း ပြီးစီးနိုင်ရေးရည်မှန်းတည်ဆောက်လျက်ရှိကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)