ကြို့ပင်ကောက် မတ် ၁
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့်ဆောင်ရွက်မည့် နွေစပါးစီမံကိန်းအတွင် ပါဝင်သော တောင်သူများအား သွင်းအားစုမြေဩဇာများပေးအပ်ပွဲကို ယနေ့ နံနက်ပိုင်းကကျင်းပပြုလုပ်သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇင်မင်းဌေးက စိုက်ပျိုးရေးကဏ္ဍများတွင် ပန်းတိုင်အထွက်နှုန်းထက်ပိုမိုထွက်ရှိစေရေအတွက် ကြဲခင်းစနစ်များပပျောက်စေရေး ပျိုးထောင်စိုက်ပျိုးခြင်းနှင့် အစေ့ချစိုက်ပျိုးခြင်းတို့ကို ပြောင်းလဲပြုလုပ်သွားနိုင်ရေး ယင်းသို့ပြောင်းလဲနိုင်ရေးအတွက် စိုက်ပျိုးရေးဝန်ထမ်းများ မြို့နယ်စိုက်ညှိအဖွဲ့မှတာဝန်ရှိသူများက တောင်သူများနှင့်တွေ့ဆုံပြီး တောင်သူများ၏ စိုက်ပျိုးရေးဆိုင်ရာ အခက်အခဲများကို ပူးပေါင်းကူညီဖြေရှင်းပေးသွားကြရန်မှာကြားခဲ့သည်။
ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးမောင်မောင်ဌေးက မည်သည့်သီးနှံပဲစိုက်စိုက် ထယ်ရေးကောင်းဖို့လိုအပ်ကြောင်း မြေဆီနှင့်မြေဩဇာ ပိုးသတ်ဆေးတို့ကို သတ်မှတ်ချိန်အတိုင်း သုံးစွဲပေးရန်လိုအပ်ကြောင်း စိုက်ပျိုးရေးဆိုင်ရာ သိလိုသည့်အချက်အလက်များကို ဆက်သွယ်မေးမြန်းလာပါက ဝန်ထမ်းများကိုယ်တိုင် လက်တွေ့သရုပ်ပြ ဖြေရှင်းပေးသွားမည်ဖြစ်ကြောင်းပြောကြားပြီး နိုင်ငံစီးပွားမြှင့်တင်ရေးကဏ္ဍ နွေစပါးဧက ၃၅၀၀ အတွက် တစ်ဧကလျှင် ဝိစာရကုမ္ပဏီမှ မိုးပုလဲယူရီးယား တစ်အိပ်နှင့် စံပြထွက်တိုး ကွန်ပေါင်းတစ်အိပ်တို့ကို သက်ဆိုင်ရာနွေစပါးစိုက်တောင်သူများထံ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လွှဲပြောင်းပေးအပ်ခဲ့ကြသည်။
ဇေယျာထွန်း(ပြန်/ ဆက်)