တွံတေး ဒီဇင်ဘာ ၂၀
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် ဆီထွက်သီးနှံဆောင်း (နေကြာ) မျိုးစေ့ချကိရိယာဖြင့် စိုက်ပျိုးခြင်းအခမ်းအနားကို ယမန်နေ့ညနေ ၄ နာရီခွဲက ကုလားတန်းသုံး အိမ်ကျေးရွာအုပ်စု၊ ထန်းတပင်ကျေးရွာကွင်းအမှတ် (၁၂၄.အေ)၊ ကွင်းအမည်- လေလှမ်းကွင်း၊ရှိ တောင်သူဦးစန်း၀င်း၏ လယ်မြေ (၁၀) ဧကတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၀န်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာ၀န်ကြီး ဗိုလ်မှူးကြီး ၀င်းတင့်၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးညီညီမင်း၊ ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူးဦးမြင့်ဆွေ ရန်ကုန်တိုင်းဒေသကြီး စက်မှုလယ်ယာဦးစီးဌာနဦးစီးမှူး ဦးခင်မောင်ကြည်၊ ရန်ကုန်တိုင်း ဒေသကြီး လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှူး ဦးကျော်ငြိမ်း၊ တိုင်းဒေသကြီး ဦးစီးဌာနဦးစီးမှူးများ၊ တွံတေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထင်ကျော်၊ တွံတေးခရိုင် လယ်ယာမြေစီမံရေးနှင့် စာရင်းအင်းဦးစီးဌာနမှူး ဦး၀င်းလှိုင်၊ ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးခင်မောင်ဦး၊ တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်း၊ ဒလ၊ ဆိပ်ကြီးခနောင်တိုမြို့နယ်တို့မှ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ တွံတေးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အဖွဲ့၀င် (၁) ဗိုလ်မှူး သုတအောင် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့၀င်များနှင့် မြို့နယ်များမှ နေကြာစိုက်ပျိုးမည့် တောင်သူများ၊ စုစုပေါင်းအင်အား (၂၀၀) ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
နေကြာမျိုးစေ့ချ စိုက်ပျိုးပွဲတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ၀န်ကြီးချုပ်မှ နေကြာ စိုက်ပျိုးရသည့် ရည်ရွယ်ချက်များအား ရှင်းလင်းခြင်း၊ မျိုးစေ့ချကိရိယာအသုံးပြုပုံနှင့် အကျိုးကျေးဇူးများ ရှင်းလင်းတင်ပြခြင်း၊ တိုင်းစိုက်ပျိုးရေးဦးစီးမှူးမှ နေကြာစိုက်ပျိုးမည့် တိုက်ရိုက်အစေ့ချနည်းစနစ်များ၊ မြေဩဇာသုံးစွဲရမည အခြေအနေ၊ စိုက်ပျိုးရမည့် နည်းစနစ်များကို ရှင်းလင်းပြောကြားခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။
ဆက်လက်၍ ၀န်ကြီးချုပ်နှင့်အဖွဲ့သည် တောင်သူဦးစန်း၀င်း၏ လယ်မြေတွင် နေကြာတိုက်ရိုက် အစေ့ချကိရိယာဖြင့် စိုက်ပျိုးနေမှုအခြေအနေများကို ကြည့်ရှူအားပေးခဲ့ပြီး စိုက်ပျိုးမည့် တောင်သူများ၏ လိုအပ်ချက်များကို ဖြည့်စွက်မှာကြား၊ ပေါင်းစပ်ညှိနှိုင်း၊ ဆောင်ရွက် ပေးခဲ့ကြောင်းသိရသည်။
တွံတေးသား