စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီး ရင်းနှီးမြုပ်နှံမှုကော်မတီ အစည်းအဝေးအမှတ်စဉ် (၁၁/၂၀၂၂) သို့တက်ရောက်

မုံရွာ ဒီဇင်ဘာ ၂၀

စစ်ကိုင်းတိုင်းဒေသကြီး ရင်းနှီးမြုပ်နှံမှုကော်မတီ အစည်းအဝေးအမှတ်စဉ် (၁၁/၂၀၂၂) ကို ယနေ့နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရ အဖွဲ့ရုံး အစည်းအဝေးခန်းမတွင်ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ရင်းနှီးမြုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးရင်းနှီးမြုပ်နှံမှု ကော်မတီအဖွဲ့ဝင်များတက်ရောက်ကြသည်။

ရှေးဦးစွာ စစ်ကိုင်းတိုင်းဒေသကြီး ရင်းနှီးမြုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က စစ်ကိုင်းတိုင်းဒေသကြီး သည် အိန္ဒိယနိုင်ငံနှင့် နယ်နိမိတ်ခြင်း ထိစပ်နေခြင်း၊ အိန္ဒိယနိုင်ငံနှင့် တရုတ်နိုင်ငံတို့ကို တမူး-မန္တလေး-မူဆယ်လမ်းကြောင်းဖြင့် ကုန်သွယ်မှု ဆက်သွယ်ပေးထားခြင်း၊ တွင်းထွက်သယံဇာတပေါများခြင်းနှင့် စီးပွားရေးကဏ္ဍများစုံလင်ပြီး ထူးခြားသည့် လက္ခဏာတွေရှိသည့် တိုင်းဒေသကြီးတစ်ခုဖြစ်ပါကြောင်း၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌမှလည်း မြေပေါ်မြေအောက် သယံဇာတပစ္စည်းများကို ကုန်ကြမ်း အတိုင်း ရောင်းချခြင်းမဟုတ်ဘဲ ကုန်ချောပစ္စည်းများအဖြစ် ထုတ်ကုန်များထုတ်လုပ်၍ တင်ပို့ ရောင်းချကာအကျိုးရှိရှိ အသုံးချသွားရန်လမ်းညွှန်ခဲ့သည့်အတွက် ဒေသခံလုပ်ငန်းရှင်များကို နည်းပညာအထောက်အပံ့ပေးနိုင်ရေး နည်းလမ်းများရှာသွားကြရန် လိုအပ်ပါကြောင်း၊ နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ပြည်သူများ၏ လူမှုစီးပွားဘဝတိုးတက်စေရန် အတွက်  အသေးစား၊ အငယ်စားနှင့် အလတ်စား စက်မှုလုပ်ငန်းများသည် များစွာ အထောက် အကူပြုသည့်အတွက် မိမိတို့အားလုံး MSME လုပ်ငန်းများ ဖွံ့ဖြိုးရေးကိုလည်း အလေးထား ဆောင်ရွက်ရမှာ ဖြစ်ပါကြောင်း၊ ရင်းနှီးမြှုပ်နှံမှု ကော်မတီအဖွဲ့ဝင်များအနေဖြင့် ရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာစေရန်နှင့် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများကိုပါ ဖွံ့ဖြိုးတိုးတက်စေရေး နည်းလမ်းပေါင်းစုံအသုံးပြုပြီး အောင်မြင်အောင် ဆောင်ရွက် သွားကြရန်လိုအပ်ပါကြောင်း၊ တိုင်းဒေသကြီးရင်းနှီးမြုပ်နှံမှုကော်မတီနေဖြင့် လုပ်ထုံးလုပ်နည်း နှင့်အညီ လုပ်ငန်းများအား တည်ဆောက်ကာလများ သက်တမ်းတိုးခွင့်ပြုပေးခဲ့ပြီး တိုင်းဒေသ ကြီးအတွင်း ရင်းနှီးမြုပ်နှံမှုလုပ်ငန်းများအဖြစ် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများနှင့် စက်မှုဇုန်များတွင်လည်း စက်မှုလုပ်ငန်းရှင်များအား ဦးစားပေးဖိတ်ခေါ် ဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး ရင်းနှီးမြုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်မေမျိုးဇော်က ယခင်အစည်းအဝေးဆုံးဖြတ်ချက်များ၏ ဆောင်ရွက်ပြီးစီးမှု  လုပ်ငန်းအခြေအနေများနှင့် နိုဝင်ဘာလအတွင်း ကွင်းဆင်းဝန်ဆောင်မှုပေးခဲ့မှုများနှင့် ပတ်သက် ၍ Power Point ဖြင့် ရှင်းလင်းတင်ပြသည်။

ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသော တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် တိုင်းဒေသကြီး ရင်းနှီးမြုပ်နှံမှုကော်မတီ အဖွဲ့ဝင်များက ရင်းနှီးမြုပ်နှံမှုလုပ်ငန်းများနှင့် ပတ်သက်၍ အသီးသီးဆွေးနွေး တင်ပြကြသည်။

ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီး ရင်းနှီးမြုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က တက်ရောက်လာသူများ၏ အသီးသီးရှင်းလင်း ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ နိဂုံးချုပ် စကားပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး (ပြန်/ဆက်)