ထားဝယ် ဒီဇင်ဘာ ၂၀
တနင်္သာရီတိုင်းဒေသကြီး လူဦးရေစာရင်းမှန်ကန်စေရေး မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးအတွက် တိုင်းဒေသကြီးအဆင့် နည်းပြသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် တိုင်းဒေသကြီး မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်ကို ချမှတ်ပြီး အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် နောက်ဆုံး လုပ်ငန်း စဉ်ဖြစ်သည့် နိုင်ငံတော်အာဏာကို ပြည်သူလူထုထံစနစ်တကျ လွှဲပြောင်းနိုင်ရေးအတွက် အခြေခံ မဲဆန္ဒရှင်စာရင်း မှန်ကန်ရေးသည် အရေးကြီးသောအခန်းကဏ္ဍအဖြစ် ပါဝင်ကြောင်း၊ လာမည့် ရွေးကောက်ပွဲတွင် မှန်ကန်သော မဲစာရင်းရရှိရန် အဆင့် (၃) ဆင့်ဖြစ်သည့် မြေပြင်ကွင်းဆင်း တိုက်ဆိုင်စစ်ဆေးပြီး ရရှိလာသောစာရင်းများကို အခြေခံဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ မြေပြင် ကွင်းဆင်းစာရင်းကောက်ယူရေးလုပ်ငန်းကို ပြည်နယ်/ တိုင်းဒေသကြီးများ၌ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၉) ရက်မှ (၃၁) ရက်ထိ (၂၃) ရက်တာကာလအတွင်း တစ်ချိန်တည်း၊ တစ်ပြိုင်တည်း ပြီးစီးအောင် ကောက်ယူပြီး ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း ပြီးစီးအောင် စိစစ်ဆောင်ရွက်သွား မှာ ဖြစ်ကြောင်း ၊ ကောက်ယူရရှိသောစာရင်းဇယား ပြင်ဆင်ခြင်းကို စာရင်းကောက်ယူသည့် ဇန်နဝါရီလ (၉) ရက်မှ ဖေဖော်ဝါရီလ (၁၀) ရက်အတွင်း ပြီးစီးအောင်စီမံဆောင်ရွက်မည့် လုပ်ငန်းစဉ်ဖြစ်သည့်အတွက် အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုရေးအဖွဲ့အစည်းများ တက်တက်ကြွကြွ ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ သင်တန်းနည်းပြများအနေဖြင့် မြေပြင်ကွင်းဆင်း ကောက်ယူမည့် စာရင်းဇယားကိန်းဂဏန်းများ တိကျမှန်ကန်စွာကောက်ယူ နိုင်အောင် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ရသော အချက်အလက်များ၊ မသန်စွမ်း (၅) မျိုး ကောက်ယူခြင်းအပါအဝင် ကောက်ယူရမည့် လုပ်ငန်းစဉ်များကို ပြည်သူလူထုပါဝင်လာအောင်နှင့် ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင အောင် စည်းရုံးချပြကြရန်နှင့် မြေပြင်၌ တွေ့ကြုံရမည့်အခက်အခဲ များကိုပေါင်းစပ် ဆောင်ရွက်နိုင် အောင်သင်ကြားပို့ချရန် လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးကိုကိုလွင်က ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် မဲဆန္ဒရှင်စာရင်း ပြည့်စုံမှန်ကန်စေရေးအတွက် ကြိုတင်ပြင်ဆင်ခြင်း လုပ်ငန်းများကို ၂၀၂၁ ခုနှစ်၊ ဩဂုတ်လမှ စတင်ဆောင်ရွက်ခဲ့ကြောင်း၊ မြေပြင်လူဦးရေစာရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းများကို ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှ မေလအတွင်း မြေပြင် တိုက်ဆိုင်စစ်ဆေးပြီး ရရှိလာသည့် လူဦးရေစာရင်းများကို (Initial Voter List Scrutinizer Software-IVLS) ကွန်ပျူတာဆော့လ်ဝဲ အသုံးပြု၍ ဇွန်လမှ ဩဂုတ်လအထိ ထပ်မံစိစစ်ခဲ့ပါကြောင်း၊ စိစစ်ပြီး စာရင်းများကို အခြေခံ၍ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဦးစီးဌာနတို့ပူးပေါင်း၍ လစဉ်တိုက်ဆိုင်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုအခါ တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွင်းရှိ ဥပဒေနှင့်အညီနေထိုင်သော အောက်တိုဘာလအထိ Update လူဦးရေစာရင်းကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ (IVLS) ကွန်ပျူတာဆော့ဝဲလ်ဖြင့် မြို့နယ် တစ်ခုနှင့် တစ်ခုအပြန်အလှန် တိုက်ဆိုင်စစ်ဆေးခြင်း (Cross-Check) ဆောင်ရွက်ခဲ့ပါကြောင်း၊ (Cross -Check) ဆောင်ရွက်ရာ၌ တွေ့ရှိရသည့်အချက်များနှင့် ပြင်ဆင်ရန်လိုအပ်သည့်အချက်များအား ရှင်းလင်းပြောကြားပြီး တိုင်းဒေသကြီးမြေပြင် ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှု ကော်မတီတွဲဖက်အတွင်းရေးမှူး ဦးယဉ်ထွေးက သင်တန်းဖွင့်လှစ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။
တနင်္သာရီတိုင်းဒေသကြီး လူဦးရေစာရင်း မှန်ကန်စေရေးမြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေး အတွက် တိုင်းဒေသကြီးအဆင့် နည်းပြသင်တန်းတွင် သင်တန်းသား (၆၄) ဦးအား ဒီဇင်ဘာ ၂၁ ရက်နေ့ အထိ သင်ကြားဆွေနွေးပို့ချပေးမည်ဖြစ်ကြောင်း သတင်းရရှိသညိ။
တိုင်းဒေသကြီး (ပြန်/ဆက်)