ကလော ဒီဇင်ဘာ ၈
ရှမ်းပြည်နယ်(တောင်ပိုင်း) ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများသည် အမှတ်(၆)အခြေခံပညာမူလတန်းကျောင်း သို့လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့နံနက်(၉) နာရီအချိန်က အဆိုပါကျောင်း၌ပြုလုပ်ခဲ့သည်။
ရှေးဦးစွာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်နန်းအေးခိုင်လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်ရခြင်းသည် ကလေးသူများ အသိပညာဗဟုသုတများ ရရှိနိုင်ရေးအတွက် အားလပ်ချိန်များတွင် ပြင်ပစာပေများကို လေ့လာဖတ်ရှုစေရန်နှင့် စာပေဖတ်ရှုခြင်းအတွက် မိမိတို့၏အတွေးအခေါ်များ မှန်ကန်စွာ တွေးတတ်ပြောတတ်သည့် အလေ့အကျင့်ကောင်း များစွာရရှိနိုင်ပါကြောင်း ထို့ကြောင့် မိမိတို့၏ ကိုယ်ပိုင်အချိန်များကို အကျိုးရှိရှိ အသုံးချတတ်စေရန်ရည်ရွယ်၍ ကွင်းဆင်းဆောင်ရွက်ပေးနေရခြင်း ဖြစ်ပါကြောင်းစသည်ဖြင့် ပြောကြားခဲ့သည်။
ယင်းနောက် ဒေါ်စိန်ခြူး ရုပ်သံကျွမ်းကျင်-၃က ကလေးများစိတ်ဝင်စားစေမည့် ပုံပြင်စာအုပ်လေးထဲမှ ရုန်တူစာပေနှင့် ယဉ်ကျေးမှုကော်မတီမှရေးသားပြုစုသည့် ရိုးသားခြင်း၏အကျိုးကျေးဇူးဆိုသည့် ပုံပြင်လေးကိုပြောပြခဲ့ရာ ကလေးငယ်များက စိတ်ဝင်တစားနားထောင်ကြပြီး ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များထဲမှ ဖတ်ရှုလိုသည့် စာအုပ်စာစောင်များကို ဖတ်ရှုလေ့လာခဲ့ပြီး ပြသထားသည့် အသိပညာပေး နံရံကပ်စာစောင်များကို စိတ်ဝင်တစား လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
အေးခိုင်(ကလော)