မူဆယ်မြို့ အ.ထ.ကကျောင်းများတွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဟောပြော

မူဆယ် ဒီဇင်ဘာ ၆

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့ အခြေခံပညာကျောင်းများတွင် ယမန်နေ့နံနက် ၉ နာရီအချိန်က ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့သည်။

အဆိုပါ ဟောပြောရာတွင် မူဆယ်ခရိုင်ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များနှင့် မူဆယ်ခရိုင်၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာတို့ ပူးပေါင်း၍ ၉နာရီ အချိန်တွင် အ.ထ.က(၃)၊ ရွှေရတုခန်းမဆောင်တွင်လည်းကောင်း၊ ၁၁:၁၅ အချိန်တွင် အ.ထ.က(၂)၊ စံပယ်ဆောင်ခန်းမတွင်လည်းကောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူးဒုရဲမှူး ကျော်ဇင်လတ်က ယာဉ်အန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်စေရန်အတွက် ရည်ရွယ်၍ ကျောင်းသူ/သားများ ဆိုင်ကယ်စီးလျှင် ဆိုင်ကယ်ဦးထုပ်ဆောင်းကြဖို့ရန်၊ ဆိုင်ကယ်စီးလျှင် ဆိုင်ကယ်ဦးထုပ်ကို စနစ်တကျတပ်ဆင်ကြရန်၊ ယာဉ်အန္တရာယ်ဖြစ်ပါက နောက်ဆက်တွဲဖြစ်လာမည့် အကျိုးဆက်အကြောင်းအရာများနှင့် လမ်းစည်းကမ်းနှင့်ပက်သက်သည့် အကြောင်းအရာများကို Projecter ဖြင့် ဟောပြောခဲ့သည်။

ထို့နောက် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ဦးစီးမှူး ဦးအောင်ခင်ကလည်း ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအကြောင်းအရာများအား ဟောပြောခဲ့ပြီး ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များမှ လက်ကမ်းစာစောင်များ ဖြန့်ဝေဆောင်ရွက်ခဲ့သည်။

ယင်းဟောပြောပွဲကို ကျောင်းဆရာ/မကြီးအပါအဝင် အ.ထ.က(၃) ကျောင်းမှ ကျောင်းသား/သူ(၂၀၀)ဦးနှင့် အ.ထ.က(၂)ကျောင်းမှ ကျောင်းသား/သူ(၁၅၇)ဦးတို့က တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

ချယ်ရီမြေ(မူဆယ်)