သာစည် ဒီဇင်ဘာ ၅
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် ပေါက်တောကျေးရွာ အခြေခံပညာအထက်တန်း ကျောင်း(ခွဲ)အား အခြေခံပညာအထက်တန်း ကျောင်းအဖြစ် အဆင့်တိုး ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၃ ရက်နေ့နံနက် ၉ နာရီက အဆိုပါကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ကျောင်းဆိုင်းဘုတ်အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်ကျော်နှင့် အဖွဲ့ဝင် ဦးစိုးဝင်းအောင်၊ ဒုတိယမြို့နယ်ပညာ ရေးမှူး ဦးတင့်ဘော်၊ ပေါက်တောကျေးရွာအခြေခံပညာ အထက်တန်းကျောင်းတာဝန်ခံကျောင်းအုပ် ဒေါ်တင်တင်ထွေးနှင့်ကျေးရွာအုပ် ချုပ်ရေးမှူး ဦးကျော်ဦးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးသည်။ ဆက်လက်ပြီး အခမ်းအနားကိုကျင်းပရာ ကျောင်းသား/သူလေးများက မြန်မာ့ကျောင်း သီချင်းဖြင့်ဂါရဝပြုဧည့်ခံဖျော်ဖြေသည်။ ထို့နောက် နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်ကျော် ကအမှာစကားပြောကြားပြီး ဒုတိယမြို့နယ်ပညာရေးမှူးကကျောင်းများ အဆင့်တိုး ဖွင့်လှစ်ပေးရ ခြင်းရည်ရွယ်ချက်များ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော ပညာရေးအကြောင်းများကို ရှင်းလင်းပြောကြားသည်။
ထို့နောက် တာဝန်ခံကျောင်း အုပ်ဆရာမကြီးနှင့် ကျောင်းအကျိုးတော်ဆောင်ဦးခင်မောင်စိုးတို့ကကျေးဇူးတင်စကားပြောကြားသည်။ ထို့နောက် ကျောင်းအဆင့်တိုးဖွင့်ပွဲအထိမ်းအမှတ်အလံများနှင့် ကျောင်းဖွင့်ပွဲအတွက် လှူဒါန်းကြသောအလှူရှင်များအား ဂုဏ်ပြုမှတ် တမ်းလွှာများ ပေးအပ်သည်။ အဆိုပါကျောင်းကို ၁၉၆၇ ခုနှစ်တွင်မူလတန်းကျောင်းအဖြစ်စတင်ဖွင့်လှစ်ခဲ့ပြီး၊ ၁၉၆၈-၁၉၆၉ ပညာသင်နှစ်တွင် တွဲဘက်အလယ်တန်းကျောင်း၊ ၂၀၁၃-၂၀၁၄ ပညာသင်နှစ်တွင် အလယ်တန်းကျောင်းအဖြစ်လည်းကောင်း၊ ၂၀၁၅- ၂၀၁၆ ပညာ သင်နှစ်တွင် အခြေခံပညာအထက်တန်း ကျောင်း(ခွဲ)အဖြစ်နှင့် ယခုပညာသင်နှစ်တွင် အထက်တန်းကျောင်းရရှိခဲ့ပြီး ကျောင်းသား/သူ ၆၆၁ ဦးတက်ရောက်ပညာသင်ယူလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)