ချောင်းသာ ဒီဇင်ဘာ ၅
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့ ရွှေသာယာမြို့မစျေးကြီးတွင် မီးဘေးအန္တရာယ် ကာကွယ်ရေးအတွက် မီးငြိမ်းသတ်ရေးသုံး ပစ္စည်းများ ပြင်ဆင်ထားရှိမှုအား ယမန်နေ့ မွန်းလွဲပိုင်းက တာဝန်ရှိသူများ အဖွဲ့က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ စစ်ဆေးရာတွင် စျေးကြီးအတွင်းရှိ အမြင့်တင်ရေကန်၌ ရေဖြည့်တင်းထားရှိမှု၊ ရေကန်မှ တစ်ဆင့် သွယ်တန်းထားသည့် အရေးပေါ်မီးသတ်ရေငုပ်များ ထားရှိမှု၊ စျေးဆိုင်ခန်းများတွင် မီးသတ်ဆေးဘူးအပါအဝင် မီးငြိမ်းသတ်ရေး ပစ္စည်းများထားရှိမှုနှင့် အသုံးပြုနိုင်မှု အခြေအနေများကို စစ်းဆေးခြင်းဖြစ်ကြောင်း မြို့စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးတင်လှမိုးထံက သိရသည်။
အဆိုပါ ရွှေသာယာမြို့မစျေးကြီးတွင် မီးဘေးအန္တရာယ် ကာကွယ်ရေးအတွက် မီးငြိမ်းသတ်ရေးသုံး ပစ္စည်းများပြင်ဆင်ထားရှိမှုများကို မြို့အုပ်ချုပ်ရေးအဖွဲ့၊ မြို့စည်ပင်သာယာရေးအဖွဲ့၊ မြို့လျှပ်စစ်အင်ဂျင်နီယာအဖွဲ့၊ နယ်မြေခံမီးသတ်တပ်ဖွဲ့များ ပါဝင်သော ပူးပေါင်းအဖွဲ့က ကွင်းဆင်းစစ်ဆေးခဲ့ခြင်း ဖြစ်ကြောင်းသိရပြီး စျေးဆိုင်ခန်းများတွင် တပ်ဆင်အသုံးပြုနေသော မီတာဘောက်များ၊ လျှပ်စစ်ပစ္စည်းများနှင့် ဝါယာကြိုးများ ကြံခိုင်မှုနှင့် လုံခြုံမှုရှိ/မရှိတို့ကိုပါ စစ်ဆေးခဲ့ကြောင်း သိရှိရသည်။
ချောင်းသာ(ပြန်/ဆက်)