မိုင်းကိုင် ဒီဇင်ဘာ ၅
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်အတွင်း ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးခဲ့သော အိမ်ထောင်စုလူဦးရေစာရင်းနှင့် မှတ်ပုံတင်ကတ်ပြားများ ပေးအပ်ပွဲအခမ်းအနားကို ယနေ့မနက်ပိုင်းက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဦစီးအရာရှိ ဦးထွန်းလှကျော်နှင့်ဝန်ထမ်းများ၊ ဟိုခဲကျေးရွာနှင့် နောင်စံဖူးကျေးရွာမှ ကျေးလက်နေပြည်သူများ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့်စာရေးများ တက်ရောက်ခဲ့ ကြသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးဦးက အမှာစကားပြောကြားရာတွင် ပန်းခင်းစီမံချက်သည် မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသည့် မွေးရာပါနိုင်ငံသား တိုင်းရင်းသားများနှင့်ဥပဒေအရဖြစ်သော နိုင်ငံသားများအား ဥပဒေနှင့်အညီ အိမ်ထောင်စုလူဦးရေစာရင်းနှင့် မှတ်ပုံတင်ကတ်ပြားများကို လွယ်ကူလျင်မြန်စွာရရှိစေရေး စီမံဆောင်ရွက်ပေးသည့် စီမံချက်တစ်ခုဖြစ်ကြောင်း၊ နိုင်ငံသားစိစစ်ရေး ကတ်ပြားသည် နိုင်ငံသားတစ်ဦးအတွက် နိုင်ငံသားအခွင့်အရေးအပြည့် အဝရရှိစေမည့် အထောက်အထားတစ်ခုဖြစ်ကြောင်း၊ နိုင်ငံသားအားလုံးမဖြစ်မနေ ကိုင်ဆောင်ထားရန်လိုကြောင်း၊ ကတ်ပြားမရှိသေးသူများ ကိုလည်းကျေးရွာအရောက် ကွင်းဆင်း၍ဆောင်ရွက်ပေးလျက်ရှိကြောင်း အကျယ်တဝင့်ပြောကြားပြီးနောက် တာဝန်ရှိသူများက ဟိုခဲကျေးရွာနှင့်နောင်စံဖူးကျေးရွာမှ ကျေးလက်နေပြည်သူများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် မှတ်ပုံတင်ကတ်ပြားများကို ပေးအပ်ခဲ့သည်။
အဆိုပါပေးအပ်ပွဲတွင် ဟိုခဲကျေးရွာအတွက် အိမ်ထောင်စုလူဦးရေစာရင်း ၆၃ အိမ်ထောင်စုနှင့် မှတ်ပုံတင်ကတ်ပြား ၂၂၄ ကတ်၊ နောင်စံဖူးကျေးရွာအတွက် အိမ်ထောင်စုလူဦးရေစာရင်း ၆၀ အိမ်ထောင်စုနှင့် မှတ်ပုံတင်ကတ်ပြား ၂၀၆ ကတ် တို့ကို ကာယကံရှင်ပြည်သူများထံ ပေးအပ်နိုင်ခဲ့ကြောင်း သိရသည်။
ချော(မိုင်းကိုင်)