မောက်မယ် ဒီဇင်ဘာ ၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်တွင် မွေးစမှအသက်(၂)နှစ် အောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံခြင်း/ဆေးတိုက်ကျွေးခြင်း လုပ်ငန်းများကို မြို့ပေါ်ရှိရပ်ကွက်များမှ ယနေ့နံနက်(၉)နာရီမှစ၍ မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်း/ ဆေးတိုက်ကျွေးခြင်းလုပ်ငန်းကို မောက်မယ်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးဝန်ထမ်းများက လစဉ်ပုံမှန်ဆောင်ရွက်လျက်ရှိရာ မွေးစမှအသက်(၂)နှစ်အောက်ကလေးငယ်များအတွက် သတ်မှတ်ကာကွယ်ဆေးများဖြစ်သည့်ဘီစီဂျီ၊ အသဲရောင် အသားဝါဘီရောဂါ၊ ပိုလီယိုရောဂါ၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျောရောဂါ၊ ပြင်းထန်အဆုပ်ရောင် (ပီစီဗီ)နှင့် ဆုံဆို့နာ၊ ကြက်ညာချောင်းဆိုး၊ မေးခိုင်ရောဂါ၊ ဦးနှောက်အမြှေးရောင်ရောဂါ အစရှိသည့် ရောဂါများကိုကာကွယ်နိုင်ရန်အတွက် (၅)မျိုးစပ် ကာကွယ်ဆေးဖြစ်သည့် ထိုးဆေး / အစက်ချသောက်ဆေးတို့ ဖြစ်ကြောင်း အသိပညာပေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ်ဆေးထိုးနှံခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ပြီး ကျန်ရှိနေသေးသည့် ကျေးရွာများတွင် လည်း သက်ဆိုင်ရာကျန်းမာရေးဌာနခွဲတွင် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ကျန်းမာရေးဆရာမများ ထံမှသိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)