ဒဂုံမြို့နယ်၌ (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

ဒဂုံ နိုဝင်ဘာ ၁၈

ရန်ကုန်တိုင်း‌ဒေသကြီး၊ ဒဂုံမြို့နယ်တွင် (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်း အမှတ် အခမ်းအနားနှင့် ဆုချီးမြှင့်ပွဲကို ယမန်နေ့နံနက် (၈) နာရီခွဲအချိန်က ဒဂုံမြို့နယ် ပြည်အ​ရှေ့ရပ်ကွက်အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်း (မြို့မ​ကျောင်း) ဦးဘလွင်ခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ အခမ်းအနားကို‌ ကျောင်းသား၊ ကျောင်းသူ​လေးများက ပြည်မြန်မာသီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီးနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ပေးပို့သော(၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ သဝဏ်လွှာအား ရန်ကုန်တိုင်း​ဒေသကြီး၊ အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းက ဖတ်ကြားခဲ့သည်။ ထို့​နောက် မြို့မ​ကျောင်းသား​ဟောင်းတစ်ဦးက အမှာစကား​ပြောကြား၍ ၂၀၂၂ခုနှစ်၊ (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် စာစီစာကုံးပြိုင်ပွဲများတွင် ဆုရရှိကြသော ကျောင်းသား၊ ကျောင်းသူ​လေးများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးနှင့် ဌာနဆိုင်ရာအကြီးအကဲများက ဆုများအသီးသီး​ချီးမြှင့်​ခဲ့ကြပြီး​ကျောင်းသား​၊ ကျောင်းသူ​လေးများက ဇာတိမာန်သီချင်းဖြင့် ​ဖျော်​ဖြေခဲ့ကြ​သည်။

အခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဥပဒေချုပ်၊ အစိုးရအဖွဲ့အတွင်းရေးမှူး၊ ကျောက်တံတားခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင် များ၊ ဒဂုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့မကျောင်းသားဟောင်းကြီးများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် မိဘများ စုစုပေါင်းအင်အား ၂၀၀ ဦးခန့် တက်ရောက်ခဲ့ပါကြောင်း သိရသည်။

ကြည်​ဇေ​သော်