မအူပင် နိုဝင်ဘာ ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်တွင် နယ်မြေစိုးမိုးရေးအတွက် စစ်ကြောင်းကြီး (၅)ကြောင်းဖြင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ကျေးရွာအတွင်းရှိ ရပ်မိရပ်ဖများ၊ ပြည်သူများ တွေ့ဆုံပွဲကို သုံးခွကျေးရွာအုပ်စု အဘယခေမိကဘောက်ထော်ကျောင်းတိုက် ဓမ္မာရုံ၌ ယနေ့နံနက် ၁၀ နာရီက ကျင်းပဆောင်ရွက်ခဲ့သည်။
တွေ့ဆုံဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲ များမှ တရားဥပဒေစိုးမိုးရေး၊ နယ်မြေလုံခြုံရေး၊ မှုခင်းလျော့နည်းကျဆင်းရေး၊ နိုင်ငံသားစိစစ်ရေး ကတ်နှင့် အိမ်ထောင်စုလူဦးရေစာရင်းများ လွယ်ကူစွာပြုလုပ်နိုင်ရေး၊ ကျန်းမာရေး၊ ပညာရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဒေသဖွံ့ဖြိုးရေး စသည့်လုပ်ငန်းကိစ္စရပ် အသီးသီးအား သက်ဆိုင်ရာ ဌာနများအလိုက် ရှင်းလင်းဆွေးနွေး ပြောကြားပြီး တက်ရောက်လာကြသည့် ပြည်သူများက သိရှိလိုသည်များအား မေးမြန်းရာ သက်ဆိုင်ရာဌာနအလိုက် ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။
အဆိုပါတွေ့ဆုံပွဲသို့ မအူပင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးတိုးဝင်း၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးအေးမောင်ချိုနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများနှင့် ပြည်သူများ တက်ရောက်ခဲ့ကြပြီး တက်ရောက်လာသော ပြည်သူများအား ဆန်များလှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)