မင်းဘူး နိုဝင်ဘာ ၁၈
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့တွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ သဝဏ်လွှာဖတ်ပွဲနှင့် ဆုများပေးအပ် ချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီက မင်းဘူးမြို့အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း အစည်းဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားသို့ပေးပို့သည့် သဝဏ်လွှာအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင်က ဖတ်ကြားခဲ့ပြီး ကျောင်းသား၊ ကျောင်းသူလေးများက မြန်မာ့ကျောင်း သီချင်းအားသီဆိုကာ အကအလှများဖြင့် ဖျော်ဖြေခဲ့ကြသည်။
ဆက်လက်၍ (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် ထက်ဆင့်ကဗျာ၊ အလယ်ဆင့်ကဗျာ၊ ထက်ဆင့်စာစီစာကုံး၊ လယ်ဆင့်စာစီစာကုံးပြိုင်ပွဲများတွင် ဆုရရှိကြသည့် အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်သူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများမှ ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူလေးများက ပြည်မြန်မာ သီချင်းသီဆိုဖျော်ဖြေ၍ အခမ်းအနားပိတ်သိမ်းကာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်ကျင်းပြသထားသော (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် နံရံကပ်စာစောင်များ၊ ဓါတ်ပုံနှင့် စာအုပ်စာစောင်များကို တက်ရောက်လာကြသည့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာအကြီးအကဲများက ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
ဇေယျာထက်(မင်းဘူး)