ဇီးကုန်း အောက်တိုဘာ ၃
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်၌ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် မြို့နယ်အတွင်းရှိ အသက်(၇၀)ကျော် ဆရာကြီး၊ ဆရာမကြီးများအား ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမများမှ ပူဇော်ကန်တော့ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်း (အ.ထ.က ဇီးကုန်း)၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားအား နမောတဿ သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားဖွင့်လှစ်ခဲ့ပြီး မြို့နယ်ပညာရေးမှူး ဒေါ်ခင်သင်းရီမှ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အမှာစကားပြောကြားပြီး ကန်တော့ခံအငြိမ်းစားဆရာကြီး ဆရာမကြီးများအား ဩကာဿ ကန်တော့ချိုးဖြင့် ပူဇော်ကန်တော့ခဲ့ကြသည်။ ဆက်လက်၍ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အငြိမ်းစား ဆရာကြီး၊ ဆရာမကြီး(၁၁၉)ဦးအား တစ်ဦးလျှင် ကန်တော့ငွေ ၃၀၀၀၀/-ကျပ်(သုံးသောင်း)ကျပ်နှုန်းဖြင့် စုစုပေါင်း ၃၅၇၀၀၀၀၀/-ကျပ် (သုံးဆယ့်ငါးသိန်းခုနှစ်သောင်း)ကျပ်ကို ပူဇော်ကန်တော့ခဲ့ပြီး၊ အငြိမ်းစားဆရာမကြီး ဒေါ်ငြိမ်းရင်မှ ဆုံးမဩဝါဒစကားပြောကြားခဲ့သည်။ ထို့နောက် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အထက်တန်းနှင့်အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲနှင့် ကဗျာပြိုင်ပွဲတွင် ဆုရရှိသောကျောင်းသား၊ ကျောင်းသူ(၁၂)ဦးတို့အား အ.ထ.က(ဇီးကုန်း) ကျောင်းအုပ်ဆရာမကြီးဒေါ်ရီရီမြင့်နှင့် အ.ထ.က(မြို့မ) ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ဆွေဝင်းတို့မှ ဆုများချီးမြှင့်ခဲ့ကြပြီး ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားရုတ်သိမ်းခဲ့ကြောင်း သိရသည်။
တင့်ဆွေ(ပြန်ဆက်)